[latest_news_marquee]

“ကျန့်ဟယ်၏ ခရီးစဉ် – ကမ္ဘာလုံးဆိုင်ရာ ချစ်ကြည်ရေး သံတမန်” ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် စတင်ဖွင့်လှစ်

လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ ကျော်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ တျန်းချီရေကန်အနီးမှ ပေါ်ထွန်းခဲ့သည့် ထင်ရှားကျော်ကြားသော ရေကြောင်းခရီးသွား ကျန့်ဟယ် (Zheng He) သည် အနောက်ဘက်ပင်လယ်ပြင်သို့ ၇ ကြိမ်တိုင်တိုင် ရွက်လွှင့်ခဲ့ပြီး သူ၏ သင်္ဘောအုပ်စုသည် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းသို့ ၆ ကြိမ်တိုင်တိုင် ဝင်ရောက်ဆိုက်ကပ်ခဲ့ပါသည်။

ဇွန်လ ၃၀ ရက်နေ့တွင် အင်ဒိုနီးရှားပြည်သူများက “Sam Poo Kong” ဟု လှိုက်လှိုက်လှဲလှဲ ခေါ်ဝေါ်ကြသည့် ဤချစ်ကြည်ရေးသံတမန်၏ ရေကြောင်းခရီးလမ်းကြောင်းအတိုင်း “ကျန့်ဟယ်၏ ခရီးစဉ် – ကမ္ဘာလုံးဆိုင်ရာ ချစ်ကြည်ရေးသံတမန်” ယဉ်ကျေးမှု ဖလှယ်ရေး လှုပ်ရှားမှုများကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ စတင်ခဲ့ရာ တရုတ်နှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု ကနှင့် ပင်လယ်ရပ်ခြားရောက် တရုတ်လူမျိုးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်ပေါင်း ၁၆၀ ကျော် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ နှစ်ရက်ကြာ လှုပ်ရှားမှုကို ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ပြန်ကြားရေးရုံးနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးတို့က ဦးစီးကျင်းပခြင်းဖြစ်ပြီး ကျန့်ဟယ်၏ ရတနာသင်္ဘော (Zheng He’s Treasure Ship) ပုံစံတူ လှူဒါန်းပွဲ၊ ယဉ်ကျေးမှုဈေးရောင်းပွဲနှင့် ဖန်တီးမှုပိုစတာပြပွဲ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ (Global Civilization Initiative- GCI) နှင့် ကျန့်ဟယ်စိတ်ဓာတ်ဆိုင်ရာ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ ၊ တရုတ်-အင်ဒိုနီးရှား လူငယ် ချစ်ကြည်ရေးသံတမန်များဆိုင်ရာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား အပါအဝင် လှုပ်ရှားမှုပေါင်း ၁၀ ခုထက်မက ပါဝင်ပါသည်။ အဆိုပါ အခမ်းအနားသည် ကျန့်ဟယ်စိတ်ဓာတ်ကို ပေါင်းကူးတံတားအဖြစ် အသုံးပြုကာ ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေး၊ ပွင့်လင်းမှုနှင့် အားလုံးပါဝင်နိုင်မှုကို မြှင့်တင်ရန်နှင့် တရုတ်နှင့် အင်ဒိုနီးရှား ပြည်သူအချင်းချင်းကြားနှင့် ယဉ်ကျေးမှု ဖလှယ်ရေးကို နက်ရှိုင်းစေရန် ရည်ရွယ်ပါသည်။

အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ပညာရေးသံမှူး Chen Wu က တရုတ်နှင့် အင်ဒိုနီးရှား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၇၆ နှစ်တာကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုယဉ်ကျေးမှု၊ ရေကြောင်းနှင့် လုံခြုံရေး ဟူသော “မဏ္ဍိုင်ကြီးငါးရပ်” ပူးပေါင်းဆောင်ရွက်မှုသည် ဟန်ချက်ညီညီ တိုးတက်လာခဲ့ပြီး ဂျာကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းနှင့် ‘နိုင်ငံနှစ်ခု၊ အမြွှာစက်မှုဇုန်များ’ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် စသည့် ထင်ရှားသော အောင်မြင်မှုများသည် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံစလုံးအနေဖြင့် ကျန့်ဟယ်၏ ရေကြောင်းခရီးစဉ်များမှ အသိပညာများကို ထုတ်ယူကာ ငြိမ်းချမ်းရေးစိတ်ဓာတ်ကို ဆက်ခံသူများ၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သူများနှင့် မျိုးဆက်သစ်များအတွက် ချစ်ကြည်ရေးကို ပျိုးထောင်သူများ ဖြစ်လာကြရန် ၎င်းက မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ၊ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုထွန်းကားရေးကော်မတီရုံးမှ အချိန်ပြည့် ဒုတိယညွှန်ကြားရေးမှူး Wen Liao က ကျန့်ဟယ်၏ မွေးရပ်မြေဖြစ်သော ယူနန်ပြည်နယ်သည် အင်ဒိုနီးရှားနှင့် နက်ရှိုင်းသော ဆက်နွယ်မှုရှိကြောင်း၊ နှစ်ဦးနှစ်ဖက်အကြား ကူးလူးဖလှယ်မှုများသည် ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ကူးလူးဖလှယ်မှုများအဆင့်မှ စနစ်ကျပြီး အလွှာစုံ၊ ကဏ္ဍစုံ လွှမ်းခြုံသည့် အဆင့်သစ်တစ်ခုသို့ ကူးပြောင်း ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း၊ ထို့ပြင် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများတွင်လည်း ခေတ်မီစိုက်ပျိုးရေး၊ ဇီဝဆေးပညာ၊ သန့်ရှင်းသောစွမ်းအင်၊ ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ ဖလှယ်မှုများနှင့် ဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်ရေး စသည့် နယ်ပယ်များအထိ လွှမ်းခြုံ ပါဝင်လာခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်အနေဖြင့် ကျန့်ဟယ်စိတ်ဓာတ်ကို ဆက်လက်လက်ဆင့်ကမ်း သယ်ဆောင်သွားကြရန်နှင့် ခေတ်သစ်ကာလတွင် နှစ်နိုင်ငံချစ်ကြည်ရေး၏ ကဏ္ဍသစ်တစ်ခုကို အတူတကွ ရေးထိုးသွားနိုင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန၊ ခရီးသွားကုန်စည်နှင့် အခမ်းအနားများဆိုင်ရာ ဒုတိယဝန်ကြီး Mr. Vinsensius Jemadu က အင်ဒိုနီးရှားနိုင်ငံ ဆီမာရန်းမြို့ အပါအဝင် တစ်နိုင်ငံလုံးရှိ ကျွန်းစုများတစ်လျှောက်တွင် ကျန့်ဟယ်နှင့် ဆက်စပ်နေသည့် သမိုင်းဝင်နေရာများနှင့် လူထုအကြား အစဉ်အဆက် ပြောစမှတ်ပြုလာခဲ့သည့် အကြောင်းအရာ အမြောက်အမြားကို တွေ့ရှိနိုင်ပြီး ယင်းတို့မှာ အင်ဒိုနီးရှားနိုင်ငံအတွက် အရေးပါသော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ်များ ဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ‘ကျန့်ဟယ်ရေကြောင်းခရီးစဉ်’ (Zheng He Route) ကဲ့သို့သော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ အမှတ်တံဆိပ် (Brand) များက နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုများကို ပိုမိုတွန်းအားပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ယခု ၂၀၂၆ ခုနှစ်တွင် ပြည့်မြောက်မည့် ‘အင်ဒိုနီးရှား-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ၅ နှစ်တာ လုပ်ငန်းစီမံချက်’ ၏ နောက်ဆုံးနှစ် အခါသမယကို အခွင့်ကောင်းယူ၍ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

အဆိုပါ လှုပ်ရှားမှုများ၏ အဓိက အစိတ်အပိုင်းတစ်ခုအနေဖြင့် အလျား ၇၁ စင်တီမီတာနှင့် အမြင့် ၆၀ စင်တီမီတာရှိသော ကျန့်ဟယ်ရတနာသင်္ဘောပုံစံတူကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်က အင်ဒိုနီးရှားနိုင်ငံ ဆီမာရန်းမြို့ရှိ Sam Poo Kong ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့ပါသည်။ အဆိုပါ သင်္ဘောပုံစံတူကို ကူမင်းမြို့၏ ရှေးဟောင်းသင်္ဘောပုံစံတူ တည်ဆောက်မှုအတတ်ပညာဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်ဆင့်ကမ်းထိန်းသိမ်းသူများဖြစ်ကြသည့် Fu Kunxiang နှင့် Wang Li တို့က ဖန်တီးပုံဖော်ခဲ့ကြခြင်း ဖြစ်ပါသည်။ ယင်းကို “မင်” မင်းဆက်ခေတ်က ရတနာသင်္ဘော (Treasure ship) ၏ ဒီဇိုင်းကို အခြေခံထားပြီး အောက်ခြေချွန်၍ ကိုယ်ထည်ကျယ်သော ဖူချွမ်း (Fuchuan – ရိုးရာ ဖူကျန့်အမျိုးအစား ရွက်လှေ) ပုံစံအတိုင်း တည်ဆောက်ထားကာ ရေလုံအခန်း ၉ ခန်းနှင့် သင်္ဘောကျောရိုး (Keel) တည်ဆောက်ပုံတို့ ပါဝင်ပြီး လှိုင်းလေကို ကြံ့ကြံ့ခံဖြတ်သန်းနိုင်သည့် သင်္ဘောကြီး၏ ခန့်ညားထည်ဝါမှုကို အချိုးကျ ပုံစံတူအဖြစ် ပြန်လည်ဖော်ဆောင်ထားခြင်း ဖြစ်ပါသည်။

အဆိုပါ ‘ချစ်ကြည်ရေးအမှတ်တရလက်ဆောင်’ သည် နှစ်နိုင်ငံအကြားရှိ သံယောဇဉ်နှောင်ကြိုးကို ပိုမိုခိုင်မြဲစေကာ ကျန့်ဟယ်စိတ်ဓာတ်ကို ခေတ်သစ်ဆီသို့ ဆက်လက်လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း Wang Li က ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံ ဆီမာရန်းမြို့ မှ Sam Poo Kong ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Zhang Chaolong က Sam Poo Kong ကျောင်းတော်သည် အလယ်ပိုင်း ဂျာဗားပြည်နယ် ဆီမာရန်းမြို့တွင် တည်ရှိပြီး ဒေသခံပြည်သူများက ကျန့်ဟယ်ကို ဂုဏ်ပြုသောအားဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျန့်ဟယ်၏ မွေးရပ်မြေဖြစ်သော ယူနန်ပြည်နယ်မှ လာသည့် ဤသင်္ဘောပုံစံတူသည် ထူးခြားလေးနက်သည့် အဓိပ္ပာယ်ရှိပြီး အင်ဒိုနီးရှားနှင့် တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ဖလှယ်မှု၏ ပြယုဂ်သစ်တစ်ခုအဖြစ် တန်ဖိုးထား ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် တရုတ်-အင်ဒိုနီးရှား ယဉ်ကျေးမှုနှင့် အနုပညာ ဖျော်ဖြေပွဲများကိုလည်း ကျင်းပခဲ့ပြီး နှစ်နိုင်ငံမှ အနုပညာရှင်များက စင်မြင့်တစ်ခုတည်းတွင် အတူတကွ ဖျော်ဖြေခဲ့ကြကာ တရုတ်နိုင်ငံမှ ယူနန်ဖျော်ဖြေရေးအဖွဲ့က “Silk Road Nanyang · Bamboo Fence Whisper” ကျေးလက်ရိုးရာအကနှင့် ယူနန်ရိုးရာတေးဂီတပဒေသာများကို ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ အင်ဒိုနီးရှားအနုပညာရှင်များကလည်း ‘တာရီယန် နူဆန်တာရာ’ (Tarian Nusantara – နူဆန်တာရာအက) အပါအဝင် ၎င်းတို့၏ ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြရာ တေးဂီတနှင့် အကအနုပညာကို ကြားခံအဖြစ်အသုံးပြု၍ ချစ်ကြည်ရေးနှောင်ကြိုးကို အသစ်တဖန် ပြန်လည်ဆန်းသစ်ခဲ့ကြပါသည်။

အဆိုပါ ဖျော်ဖြေပွဲများနှင့်အပြိုင် ယဉ်ကျေးမှုဆိုင်ရာ ဈေးပွဲတော်နှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ပိုစတာပြပွဲတို့ကိုလည်း ထည့်သွင်းကျင်းပခဲ့ပြီး ဈေးပွဲတော်တွင် တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ဧည့်သည်တော်များသည် Dongba စက္ကူပြုလုပ်ခြင်း၊ အထည်ချည်နှောင် ဆေးဆိုးခြင်း (Tie-dye) နှင့် တိုင် (Dai) တိုင်းရင်းသားရိုးရာ အထည်ရက်လုပ်ခြင်း စသည့် ရိုးရာလက်မှုပညာရပ်များကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲခဲ့ကြပြီး ယူနန်ဖူးအာ (Pu’er) လက်ဖက်ရည်နှင့် ယူနန်အာရေဗီကာ (Arabica) ကော်ဖီတို့ကို မြည်းစမ်းသုံးဆောင်ခဲ့ကြပါသည်။

ပိုစတာပြပွဲတွင်မူ ကျော်ကြားသော တရုတ်အနုပညာရှင် Zhong Kaitian က ၁၃ နှစ်ကြာ အချိန်ယူ ဖန်တီးခဲ့သည့် “ကျန့်ဟယ်၏ ရေကြောင်းခရီးစဉ်များ” (The Voyages of Zheng He) အမည်ရ မော်ကွန်းဝင် တရုတ်ရိုးရာပန်းချီကားရှည်ကြီး၏ အစိတ်အပိုင်းနှင့် “AI ကမ္ဘာ့အမွေအနှစ်နှင့် ကျန့်ဟယ်၏ အမွေအနှစ်” (AI World Heritage & Zheng He Legacy) တီထွင်ဖန်တီးမှုဆိုင်ရာ ပိုစတာဒီဇိုင်းပြိုင်ပွဲမှ ဆုရပိုစတာ အစောင် ၃၀ တို့ကို ပူးတွဲခင်းကျင်းပြသခဲ့ပါသည်။ ရိုးရာ စုတ်ချက်လက်ရာများနှင့် AI နည်းပညာသုံး တီထွင်ဖန်တီးမှုတို့ ပေါင်းစပ်ဆုံစည်းသွားခြင်းက ကျန့်ဟယ်၏ ယဉ်ကျေးမှုအမွေအနှစ်ကို ရှေးရိုးဂန္ထဝင်ဆန်သော တင့်တယ်မှုအပြင် အနာဂတ်မျှော်မှန်းချက်အမြင်များနှင့်ပါ ပြည့်စုံစေရန် ဖြည့်ဆည်းပေးခဲ့ပါသည်။

Your Ad Here
Ad Size: 336x280 px

More News