ပြည်တွင်းစိုက်ပျိုးရေးဈေးကွက်တွင် ရာသီမရွေး စိုက်ပျိုးဖြစ်ထွန်းသည့် ကျောက်ဖရုံသီး တစ်ဧက စိုက်ပျိုးမှုမှ အမြတ်ငွေ ၂ ဆနီးပါးခန့်ရရှိနေကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရပါတယ်။
လက်ရှိမှာ ကျောက်ဖရုံသီးကို စားသုံးသူဝယ်လိုအား ပုံမှန်ရှိနေသည့်အပြင် ခေါက်ဆွဲ၊ မုန့်လုပ်ငန်းများနှင့် ယိုကဲ့သို့သော အစားအသောက်ပြုပြင်မွမ်းမံသည့် လုပ်ငန်းများမှ ဝယ်လိုအား မြင့်တက်လာတယ်လို့ သိရပါတယ်။
“ကျောက်ဖရုံသီးစိုက်ပျိုးမှုက အခြားသီးနှံများနဲ့ ယှဉ်ရင် အချိန်တိုအတွင်း ရိတ်သိမ်းနိုင်ပါတယ်။ စိုက်ပျိုးစရိတ်သက်သာတဲ့ သီးနှံဖြစ်သလို ခူးဆွတ်ပြီးနောက် လပေါင်းများစွာ ကြာရှည်အထားခံနိုင်တဲ့အတွက် သယ်ယူပို့ဆောင်မှုနဲ့ သိုလှောင်မှုတွေမှာ ဆုံးရှုံးမှုနည်းပါးပါတယ်။ ပြည်တွင်းမှာ အစားအသောက်စက်ရုံ၊ အလုပ်ရုံများက ပိဿာချိန်အမြောက်အမြား ပုံမှန်ဝယ်ယူကြတဲ့အတွက် ကျောက်ဖရုံသီး ဈေးကွက်ဝယ်လိုအား မြင့်တက်လာပြီး စိုက်ပျိုးထုတ်လုပ်သူများ တွက်ခြေကိုက်ပါတယ်”လို့ ကျောက်ဖရုံသီး စိုက်ပျိုးတောင်သူတစ်ဦးက ပြောပါတယ်။
ကျောက်ဖရုံသီး အခြေခံ စိုက်ပျိုးစရိတ်မှာ တစ်ဧကကို အကြမ်းဖျင်း ကျပ် ၅ သိန်းမှ ၆ သိန်းဝန်းကျင်ခန့်ကုန်ကျမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ကျောက်ဖရုံသီးတွင် ရေဓာတ်ပါဝင်မှုမြင့်မားပြီး ဆီးရွှင်စေခြင်း၊ အပူကင်းစေခြင်းနှင့် အစာခြေလွယ်ခြင်း တို့ကြောင့် လူတို့၏ကျန်းမာရေးကို များစွာအကျိုးပြုတယ်လို့ သိရပါတယ်။
Photo – Doca






