[latest_news_marquee]

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၏ တွန်းအားဖြစ်သော လုံးလင် ဒေသထွက်ကုန် ဒန်ဒရိုဘီယမ် သစ်ခွ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းအား လေ့လာခြင်း

“ကမ္ဘာ့အမြင်ဖြင့် စုစည်းပုံဖော်ခြင်း – ပေါင်ရှန်းနှင့် သာယာလှပသော ဆုံစည်းမှု” ၂၀၂၆ ပြည်ပမီဒီယာသတင်းထောက်များ ပေါင်ရှန်းမြို့ ခရီးစဉ်တွင် ပါဝင်သော ပြည်တွင်းပြည်ပ သတင်းထောက်များသည် ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းက လုန်းလင်ခရိုင် (Longling) ရှိ တရုတ် ဒန်ဒရိုဘီယမ် (Dendrobium) သစ်ခွပန်းပြပွဲနှင့် ကုန်သွယ်ရေး စင်တာ၊ တရုတ်-လုန်းလင် ဒန်ဒရိုဘီယမ် မျိုးဗီဇအရင်းအမြစ်များ (germplasm resources) ကာကွယ်ရေးနှင့် သုတေသန စင်တာ နှင့် လုန်းလင် လင်းယွမ် ဒန်ဒရိုဘီယမ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတို့သို့ သွားရောက်ခဲ့ကြပါသည်။

သတင်းထောက်များသည် လုန်းလင်ခရိုင်၏ ဒန်ဒရိုဘီယမ် ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အသေးစိတ် သတင်းရယူခဲ့ကြပြီး ဒေသတွင်း မျိုးဗီဇအရင်းအမြစ်များ ထိန်းသိမ်းရေး၊ နည်းပညာ တီထွင်ဆန်းသစ်မှု၊ ကုန်ချော ထုတ်လုပ်မှု၊ ပန်းမန် စိုက်ပျိုးရေးနှင့် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှု စသည့် ကဏ္ဍများတွင် ရရှိထားသော အသီးအပွင့်များကို ဘက်စုံလေ့လာကာ ဒေသထွက် စက်မှုလုပ်ငန်းများဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ ဆောင်ရွက်နေမှုကို အနီးကပ် လေ့လာခွင့် ရရှိခဲ့ကြပါသည်။

လုန်းလင်ခရိုင်သည် “တရုတ်နိုင်ငံ၏ ခရမ်းရောင်ပင်စည် ဒန်ဒရိုဘီယမ် (Dendrobium devonianum) ဇာတိမြေ” ဟု ရှေးယခင်ကတည်းက ကျော်ကြားပါသည်။ လွန်ခဲ့သည့် နှစ်များအတွင်း ဒေသတွင်း သဘာဝ ဂေဟစနစ် အသာစီးရမှုနှင့် ကြွယ်ဝသော ဒန်ဒရိုဘီယမ် မျိုးဗီဇ အရင်းအမြစ်များကို အခြေပြု၍ ယူနန်ပြည်နယ်၏ “၃၈၁၅” မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ လမ်းကြောင်းနှင့်အညီ လုံးလင်ခရိုင်သည် ဆန်းသစ်သော “၁၃၆+N” ဒန်ဒရိုဘီယမ် စက်မှုလုပ်ငန်း ပုံစံကို တက်ကြွစွာ ဖော်ဆောင်ခဲ့ပါသည်။ ထို့ကြောင့် ဒန်ဒရိုဘီယမ် စက်မှုလုပ်ငန်းသည် ရိုးရာ စိုက်ပျိုးရေးအဆင့်မှသည် သုတေသန တီထွင်ဆန်းသစ်မှု၊ ကုန်ချော ထုတ်လုပ်မှု၊ ပန်းမန် စိုက်ပျိုးရေးနှင့် ယဉ်ကျေးမှု ခရီးသွားလုပ်ငန်း အပါအဝင် ကွင်းဆက်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ဒေသခံ တောင်သူများ၏ ဝင်ငွေကို တိုးတက်စေသည့် အဓိက ဒေါက်တိုင် လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပါသည်။

သတင်းအချက်အလက်များအရ လုန်းလင်ခရိုင်၌ ဒန်ဒရိုဘီယမ်ကို စနစ်တကျ စိုက်ပျိုးလာခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်ပြီး လက်ရှိတွင် စိုက်ပျိုးဧရိယာ ဧကပေါင်း ၂၈,၀၀၀ ခန့် ရှိကာ နှစ်စဉ် ထွက်ရှိမှုမှာ တန်ချိန် ၁၄,၀၀၀ ခန့် ရှိပြီး ကွင်းဆက်တစ်ခုလုံး၏ စုစုပေါင်း နှစ်စဉ် ထုတ်လုပ်မှု တန်ဖိုးမှာ ယွမ် ၈ ဘီလီယံကျော်အထိ ရှိလာခဲ့ပါသည်။ လက်ရှိတွင် ခရိုင်တစ်ခုလုံး၌ ဒန်ဒရိုဘီယမ် စီးပွားရေး လုပ်ငန်း ၁၃၇ ခု၊ သမဝါယမ အသင်း ၂၆ ခု ရှိပြီး ကျေးရွာ/ရပ်ကွက် ၈၈ ရွာနှင့် မြို့နယ် ၁၀ ခုတွင် ပျံ့နှံ့လျက်ရှိပါသည်။ လူဦးရေ ၇၅,၀၀၀ ခန့် (ခရိုင်လူဦးရေစုစုပေါင်း၏ ၂၄ ဒသမ ၅ ရာခိုင်နှုန်းကျော်) သည် ဒန်ဒရိုဘီယမ် လုပ်ငန်းတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် ပါဝင်လုပ်ကိုင်လျက်ရှိပြီး ဒေသခံများ၏ ဝင်ငွေကို စဉ်ဆက်မပြတ် တိုးတက်စေလျက် ရှိပါသည်။

သတင်းထောက်များ ပထမဆုံး သွားရောက်ခဲ့သည့်နေရာမှာ လုန်းလင်ခရိုင် တရုတ် ဒန်ဒရိုဘီယမ် သစ်ခွပန်းပြပွဲနှင့် ကုန်သွယ်ရေး စင်တာ ဖြစ်ပါသည်။ အဆိုပါ စင်တာသည် ၂၄ ဧကကျော် ကျယ်ဝန်းပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၃၅ သန်း ရှိပါသည်။ အဆိုပါ စင်တာတွင် စံချိန်စံညွှန်းမီ ထုတ်လုပ်ရေး စခန်းများ၊ သစ်တောအောက် သဘာဝဂေဟစနစ်အတိုင်း စိုက်ပျိုးရေး၊ စမတ် စိုက်ပျိုးရေး ဖန်လုံအိမ်များ၊ သိပ္ပံနည်းကျ တီထွင်ဆန်းသစ်ရေး ပလက်ဖောင်းများ၊ အီလက်ထရွန်းနစ် ကုန်သွယ်ရေး (e-commerce) တိုက်ရိုက်ထုတ်လွှင့် ရောင်းချရေး (livestreaming) အဆောက်အအုံများနှင့် ဒေသထွက်ကုန် စိုက်ပျိုးရေး ပြခန်းများကို စုစည်းချိတ်ဆက်ထားပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသုံး စီမံခန့်ခွဲမှုနှင့် ထုတ်ကုန်များ၏ မူလရင်းမြစ်ကို စိစစ်နိုင်သည့် စနစ်ကို ထူထောင်ထားပြီး အမျိုးသားအဆင့် AAAA အဆင့်ရှိ ခရီးသွားဆွဲဆောင်မှု ဧရိယာအဖြစ် လျှောက်ထားလျက်ရှိကာ ဒန်ဒရိုဘီယမ် လုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ခရီးသွားလုပ်ငန်းကို ပေါင်းစပ်ဆောင်ရွက်လျက် ရှိပါသည်။

ထို့နောက် သတင်းထောက်အဖွဲ့သည် တရုတ်-လုန်းလင် ဒန်ဒရိုဘီယမ် မျိုးဗီဇအရင်းအမြစ်များ ကာကွယ်ရေးနှင့် သုတေသန စင်တာသို့ သွားရောက်ခဲ့ကြပါသည်။ အဆိုပါ စင်တာကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး စုစုပေါင်း လျာထားဧရိယာ ဧက ၁၈၀ ခန့် ရှိကာ ပင်မဧရိယာမှာ ၂၉ ဧကခန့် ရှိပါသည်။ အဆိုပါ စင်တာသည် အရင်းအမြစ် စေ့စပ်စွာ လေ့လာခြင်း၊ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ ခွဲခြားစိတ်ဖြာခြင်း၊ သုတေသနပြုခြင်း၊ တီထွင်ဆန်းသစ်ခြင်းနှင့် ပညာပေး ပြသခြင်းတို့ကို တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်သော ပြည်သူ့သုတေသန ဗဟိုဌာနဖြစ်ပါသည်။ ယခုအချိန်အထိ မျိုးဗီဇအရင်းအမြစ် နမူနာ (germplasm accessions) ပေါင်း ၂,၈၆၆ ခုကို ထိန်းသိမ်းထားရှိပြီး ဒန်ဒရိုဘီယမ် မျိုးစိတ် ၂၀၂ မျိုး ပါဝင်သော အပင်နမူနာ ၆၂၆ ခု၏ ပန်းပွင့်ချိန်အဆင့် ခွဲခြားစိတ်ဖြာမှုကို ပြီးစီးခဲ့ပြီးဖြစ်ရာ တရုတ်နိုင်ငံ၏ ဒန်ဒရိုဘီယမ် ထိန်းသိမ်းရေးနှင့် မျိုးသစ်များ မွေးမြူရေးအတွက် ခိုင်မာသော အခြေခံကောင်းများကို ပေးစွမ်းနိုင်ခဲ့ပါသည်။

ဝန်ထမ်းများ၏ ရှင်းလင်းပြောကြားချက်အရ လုန်းလင် ဒေသအတွင်း၌ပင် သဘာဝအတိုင်း ပေါက်ရောက်သော ဒန်ဒရိုဘီယမ် မျိုးစိတ် ၄၂ မျိုးကို တွေ့ရှိထားပြီး သုတေသန ပြုလုပ်ရန်အတွက် ကြွယ်ဝသော အရင်းအမြစ်များ ရရှိထားပါသည်။ လွန်ခဲ့သည့် နှစ်များအတွင်း သုတေသန စင်တာသည် နည်းပညာသုံး မျိုးစပ်ခြင်း၊ မော်လီကျူးအဆင့် မျိုးပွားခြင်းနှင့် ဓါတ်ရောင်ခြည်သုံး မျိုးဗီဇပြောင်းလဲခြင်း နည်းပညာများကို အသုံးပြု၍ မျိုးစိတ်သစ် ၁၁ မျိုးနှင့် အရည်အသွေးမြင့် မျိုးစိတ် ၁၀ မျိုးတို့အား အောင်မြင်စွာ မွေးထုတ်နိုင်ခဲ့ကာ ဈေးကွက်သို့ ထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့ပါသည်။ ယင်းတို့အနက် ၂၀၂၅ ခုနှစ်တွင် အောင်မြင်စွာ ရွေးချယ်မွေးမြူနိုင်ခဲ့သည့် အမျိုးသားအဆင့် ခရမ်းရောင်ပင်စည် ဒန်ဒရိုဘီယမ် မျိုးစိတ်သစ်သည် ပင်စည်ရော အသားပါ ခရမ်းရောင်သန်းနေပြီး Flavonoid ဓာတ်ပါဝင်မှုနှုန်း မြင့်မားသဖြင့် အစားအစာ၊ ကျန်းမာရေး ထုတ်ကုန်၊ ဆေးဝါးနှင့် နေ့စဉ်သုံး ပစ္စည်းများ ထုတ်လုပ်ရာတွင် များစွာ အသုံးဝင်လှပါသည်။ လက်ရှိတွင် အမျိုးသား သစ်တောနှင့် မြက်ခင်းပြင် စီမံခန့်ခွဲရေး ဦးစီးဌာန၏ အသိအမှတ်ပြုလက်မှတ်နှင့် ပထဝီ ဒေသဆိုင်ရာအညွှန်း (Geographical Indication – GI) အကာအကွယ်ကို ရရှိထားပြီး ဖြစ်ပါသည်။

ဆေးဝါးအဖြစ် အသုံးပြုနိုင်သည့် တန်ဖိုးအပြင် လုန်းလင်ဒေသသည် သစ်ခွပန်းမန် စိုက်ပျိုးရေး လုပ်ငန်းကိုလည်း တက်ကြွစွာ ဖော်ဆောင်လျက် ရှိပါသည်။ ကြွယ်ဝသော သဘာဝ သစ်ခွ အရင်းအမြစ်များကို အခြေပြု၍ ပန်းအရောင်၊ ရနံ့၊ ပန်းပွင့်ချိန်နှင့် အပင်၏ လက္ခဏာရပ်များအပေါ် မူတည်ကာ မျိုးစိတ်သစ်များကို ရွေးချယ် မွေးမြူခဲ့ကြပါသည်။ ပန်းပွင့်ချိန်ကို ချိန်ညှိပေးခြင်းနှင့် အလှအပဆိုင်ရာ အရည်အသွေးကို မြှင့်တင်ပေးခြင်းဖြင့် လုန်းလင် သစ်ခွပန်းများသည် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး အစရှိသည့် ပြည်တွင်း ဈေးကွက်များ သာမက ပြည်ပသို့ပါ တင်ပို့နိုင်ခဲ့ပါသည်။ လွန်ခဲ့သည့် ၃ နှစ်အတွင်း လျှင်မြန်စွာ တိုးတက်လာခဲ့သော အဆိုပါ လုပ်ငန်း၏ နှစ်စဉ် ထုတ်လုပ်မှု တန်ဖိုးမှာ ယွမ် သန်း ၈၀၀ အထိ ရှိလာခဲ့ပြီး ဒန်ဒရိုဘီယမ် စက်မှုလုပ်ငန်းအတွက် စီးပွားရေး တိုးတက်မှု အသစ်တစ်ခု ဖြစ်လာခဲ့ပါသည်။

ခရီးစဉ်အတွင်း သုတေသန ပညာရှင်များက လုန်းလင်၏ အထူးခြားဆုံးဖြစ်သော သစ်တောအောက် သဘာဝအတိုင်း ဖန်တီးစိုက်ပျိုးသည့် နည်းလမ်းကိုလည်း မီဒီယာများအား ရှင်းလင်းပြသခဲ့ပါသည်။ လုန်းချွမ်းမြစ်ဝှမ်း၏ အပူပိုင်း စိုစွတ်သော လွင်ပြင် ရာသီဥတု၊ စိုထိုင်းဆ မြင့်မားမှုနှင့် နေ့ည အပူချိန် ကွာခြားမှု စသည့် သဘာဝ အားသာချက်များကို အသုံးပြု၍ ဒန်ဒရိုဘီယမ် သစ်ခွပင်များကို သစ်ပင်ပင်စည်များပေါ်တွင် သဘာဝတောတောင် အခြေအနေအတိုင်း တုပကာ သဘာဝအတိုင်း စနစ်တကျ ပြုစုစိုက်ပျိုးထားခြင်း ဖြစ်ပါသည်။ ထိုသို့ စိုက်ပျိုးခြင်းကြောင့် ထုတ်ကုန် အရည်အသွေးကို မြှင့်တင်ပေးနိုင်ရုံသာမက သစ်တောမြေ၏ အသုံးချနိုင်စွမ်းကိုလည်း တိုးတက်စေကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတက်ရေးတို့အား ဟန်ချက်ညီစေခဲ့ပါသည်။ ဒေသထွက် ခရမ်းရောင် ဒန်ဒရိုဘီယမ်သည် မူလဒေသ အသွင်အပြင် ထင်ရှားပြီး လက်ရှိ စိုက်ပျိုးဧရိယာမှာ တစ်နိုင်ငံလုံး၏ ၇၀ ရာခိုင်နှုန်း ကျော်နှင့် ယူနန်ပြည်နယ်တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းကျော် ရှိသဖြင့် လုန်းလင်၏ အသိအမှတ်ပြုခံရဆုံး စိုက်ပျိုးရေး အမှတ်တံဆိပ်များအနက် တစ်ခုဖြစ်လာခဲ့ပါသည်။

မီဒီယာအဖွဲ့သည် လုန်းလင် လင်းယွမ် ဒန်ဒရိုဘီယမ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတွင် ဒန်ဒရိုဘီယမ် ခေတ်မီ ထုတ်လုပ်မှုနှင့် စီးပွားရေး လည်ပတ်မှု ပုံစံများကို ပိုမို အသေးစိတ် လေ့လာခွင့် ရရှိခဲ့ကြပါသည်။ အဆိုပါ ကုမ္ပဏီသည် အလိုအလျောက် အပူချိန်၊ စိုထိုင်းဆနှင့် မြေဩဇာ ထိန်းချုပ်ရေး စနစ်များကို အသုံးပြု၍ ပျိုးပင်မျိုးပွားခြင်းနှင့် စိုက်ပျိုးပြုစုခြင်း လုပ်ငန်းစဉ် တစ်ခုလုံးကို စံချိန်စံညွှန်းမီ စီမံခန့်ခွဲလျက် ရှိပါသည်။ ထို့အပြင် အဆင့်မြင့် ဆဲလ်မွေးမြူရေး နည်းပညာ (tissue culture) နှင့် ပင်စည် ဖြတ်တောက် မျိုးပွားခြင်း နည်းပညာများကို အသုံးပြု၍ ထုတ်လုပ်မှု စွမ်းအားနှင့် ပျိုးပင် အရည်အသွေးကို မြှင့်တင်ထားပါသည်။ ထို့အပြင် ကုမ္ပဏီသည် သဘာဝအတိုင်း မျိုးဗီဇ ပြောင်းလဲထားသော အဆင့်မြင့် မျိုးစိတ်များကို စုဆောင်း မွေးမြူကာ အဆင့်မြင့် သစ်ခွပန်းမန် ဈေးကွက်အတွက် ကုန်ပစ္စည်းမျိုးစုံ ထောက်ပံ့ပေးလျက် ရှိပါသည်။

ကုမ္ပဏီ တာဝန်ရှိသူ၏ ပြောကြားချက်အရ ကုမ္ပဏီသည် “ကုမ္ပဏီ + ကျေးရွာ အဖွဲ့အစည်း + တောင်သူ” ဟူသော ပူးပေါင်းဆောင်ရွက်မှု ပုံစံကို တီထွင်ကျင့်သုံးလျက်ရှိပြီး တောင်သူများအား ပျိုးပင်များ၊ နည်းပညာ၊ စီမံခန့်ခွဲမှုနှင့် ပြန်လည် ဝယ်ယူရေး စသည့် ဝန်ဆောင်မှု အပြည့်အဝ ပေးအပ်ထားပါသည်။ နည်းပညာ ပေးခြင်း၊ စီမံခန့်ခွဲပေးခြင်းနှင့် ကုန်ပစ္စည်း ပြန်လည် ဝယ်ယူပေးခြင်း စသည့် အာမခံချက်များကြောင့် တောင်သူများ၏ စိုက်ပျိုးရေး စွန့်စားရမှုကို လျှော့ချပေးနိုင်ခဲ့ပြီး ပုံမှန် ဝင်ငွေ ရရှိစေခဲ့ပါသည်။ ၁ ဧကလျှင် သစ်ခွ ပျိုးပင်ပေါင်း ၅၃,၀၀၀ ခန့် စိုက်ပျိုးနိုင်ပြီး တောင်သူတစ်ဦး၏ နှစ်စဉ် ဝင်ငွေမှာ ယွမ် ၁၀၀,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၁၄,၀၀၀ ခန့်) အထိ ရရှိနိုင်ပါသည်။ ထို့အပြင် စိုက်ပျိုးရေး စခန်းများ ဆောက်လုပ်ခြင်းနှင့် နေ့စဉ် ထုတ်လုပ်မှုများတွင် ဒေသခံများအား မြေဩဇာကျွေးခြင်း၊ ပေါင်းမြက်ရှင်းခြင်း အစရှိသည်တို့၌ ပါဝင် လုပ်ကိုင်စေခြင်းဖြင့် ပြည်သူများ၏ ဝင်ငွေလမ်းကြောင်းကို ပိုမို ကျယ်ပြန့်စေခဲ့ပါသည်။

ကုန်ချော ထုတ်လုပ်မှုအပိုင်းတွင် လုန်းလင်ဒေသသည် ပြည့်စုံသော စက်မှုစနစ်တစ်ခုကို ထူထောင်ထားပြီး ဖြစ်ပါသည်။ လက်ရှိတွင် တရုတ်တစ်နိုင်ငံလုံးမှ ထွက်ရှိသည့် ဒန်ဒရိုဘီယမ် ပင်စည်စိုများ၏ ၆၀ ရာခိုင်နှုန်း ခန့်ကို လုန်းလင်ဒေသ၌ တန်ဖိုးမြင့် ကုန်ချောများအဖြစ် ပြုပြင်ထုတ်လုပ်ကာ တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိရာ ဒန်ဒရိုဘီယမ် ထုတ်ကုန်များ၏ တန်ဖိုးနှင့် ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့ပါသည်။ ထို့အပြင် ဒေသတွင်း၌ အခြောက်ခံ အမှုန့်များ၊ အဖျော်ယမကာများ၊ ဘီစကတ်များနှင့် ဂျယ်လီများ အပါအဝင် ထုတ်ကုန် မျိုးစုံကို ထုတ်လုပ်လာကြသဖြင့် ဒန်ဒရိုဘီယမ်ကို ရိုးရာ ဆေးဝါးအဖြစ်မှသည် ကျန်းမာရေးဆိုင်ရာ အစားအသောက် ထုတ်ကုန်များအထိ တိုးချဲ့ ထုတ်လုပ်နိုင်ခဲ့ပါသည်။

ယခု ခရီးစဉ်မှတစ်ဆင့် ပြည်တွင်းပြည်ပ သတင်းထောက်များသည် လုန်းလင် ဒန်ဒရိုဘီယမ် လုပ်ငန်း၏ မျိုးဗီဇ ထိန်းသိမ်းခြင်း၊ နည်းပညာ တီထွင်ခြင်း၊ စကေးဧရိယာအလိုက် စိုက်ပျိုးခြင်း၊ ပန်းမန် စိုက်ပျိုးခြင်း၊ ကုန်ချော ထုတ်လုပ်ခြင်းမှသည် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းအထိ ကွင်းဆက်တစ်ခုလုံးကို ဘက်စုံ လေ့လာခွင့် ရရှိခဲ့ကြသည့်အပြင် ဒေသတွင်းမှ နည်းပညာ အသုံးချမှု၊ စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှုနှင့် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတရားများကိုပါ လက်တွေ့ ခံစားသိရှိခဲ့ကြရပါသည်။ ယနေ့တွင် လုန်းလင်သည် “တရုတ်နိုင်ငံ၏ ခရမ်းရောင်ပင်စည် ဒန်ဒရိုဘီယမ် ဇာတိမြေ” အမှတ်တံဆိပ်ကို ပိုမို တောက်ပလာစေရန် ဖန်တီးလျက်ရှိပြီး ဒေသထွက် ကုန်ထုတ်လုပ်ငန်းများ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် အင်အားများ ဖြည့်ဆည်းပေးလျက်ရှိကာ ယူနန် မဲခေါင်ဒေသ၏ ခေတ်မီ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အတုယူဖွယ် “လုန်းလင် အတွေ့အကြုံ” ကို ပေးအပ်နိုင်ခဲ့ပါသည်။

Photos – CNS

Your Ad Here
Ad Size: 336x280 px

More News