“ခေတ်စနစ်က သင့်ကို စွန့်ခွာသွားတဲ့အခါ နှုတ်ဆက်စကားတောင် ဆိုမှာမဟုတ်ဘူး” ဆိုတဲ့ စကားက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်က အဝေးပြေး ဘတ်စ်ကားကြီးတွေရဲ့ အခြေအနေနဲ့ အလွန်ကို ကိုက်ညီခဲ့ပါတယ်။
မြန်နှုန်းမြင့် ရထားလမ်းကွန်ရက်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာ၊ ကိုယ်ပိုင်ကားတွေ အသုံးများလာတာနဲ့အမျှ တစ်ချိန်က လူပေါင်းများစွာရဲ့ ခရီးဝေးသွားအမှတ်တရတွေ ရှိခဲ့တဲ့ အဝေးပြေး ဘတ်စ်ကားကြီးတွေဟာ တစ်ညတွင်းချင်းပဲ အေးစက်ဆိတ်သုဉ်းသွားခဲ့ရပြီး ခွဲခွာခြင်းနဲ့ ပြန်လည်ဆုံစည်းခြင်းတွေ ပြည့်နှက်နေခဲ့တဲ့ ကားဂိတ်ကြီးတွေဟာလည်း တစ်ခုပြီးတစ်ခု ပိတ်သိမ်းခဲ့ရပါတယ်။
ကိန်းဂဏန်း အချက်အလက်များအရ တရုတ်နိုင်ငံတစ်ဝှမ်းလုံးရဲ့ လမ်းမကြီးများပေါ်က ခရီးသည် ပို့ဆောင်ရေး ပမာဏဟာ ၂၀၁၂ ခုနှစ်မှာ ခရီးသည်အကြိမ်ရေ ၃၅ ဒသမ ၅၇ ဘီလီယံအထိ စံချိန်တင် အမြင့်ဆုံး ဖြစ်ခဲ့ပြီးနောက်ပိုင်း တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ ၂၀၂၂ ခုနှစ်မှာတော့ ၃ ဒသမ ၅၅ ဘီလီယံအထိ ထိုးဆင်းသွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်း နှစ်တွေမှာ အနည်းငယ် ပြန်လည်ဦးမော့လာခဲ့ပေမယ့်လည်း အမြင့်ဆုံးအချိန်က ပမာဏရဲ့ ထက်ဝက်ကိုတောင် မမှီနိုင်သေးပါဘူး။
ဘတ်စ်ကားလောကကို အပြင်းထန်ဆုံး ရိုက်ခတ်ခဲ့တာကတော့ အမြန်ရထားတွေပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ‘ချန်တူး-ချုံချင့်’ (Chengdu-Chongqing) ပြေးဆွဲတဲ့ ဘတ်စ်ကားလိုင်းဆိုရင် ၂၀၁၅ ခုနှစ် အမြန်ရထားလမ်း ဖွင့်လှစ်ပြီးနောက်ပိုင်း ခရီးသည်ဦးရေဟာ သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။ ဒါဟာ တစ်နိုင်ငံလုံးက ကုန်းလမ်းခရီးသည် ပို့ဆောင်ရေးလောကရဲ့ ပြယုဂ်တစ်ခုပါပဲ။ တစ်နာရီ ကီလိုမီတာ ၃၀၀ နှုန်းနဲ့ ပြေးဆွဲပြီး အချိန်တိကျကာ သက်တောင့်သက်သာရှိတဲ့ အမြန်ရထားတွေကြောင့် ဘတ်စ်ကားလောကဟာ ရုတ်တရက် အထိနာသွားခဲ့ရပါတယ်။
ဒါပေမယ့် ပိုပြီးနက်ရှိုင်းတဲ့ အကြောင်းရင်းကတော့ ဘတ်စ်ကားတွေရဲ့ သမားရိုးကျဆန်ပြီး အပြောင်းအလဲမရှိ ပုံသေပြေးဆွဲတဲ့ လုပ်ငန်းလည်ပတ်မှု ပုံစံကြောင့် ဖြစ်ပါတယ်။ ဘတ်စ်ကားစီးမယ့် ခရီးသည်တွေအနေနဲ့ “မိမိရှိရာနေရာ à ကားဂိတ် à ရောက်ရှိမယ့်မြို့က ကားဂိတ် à မိမိသွားမယ့်နေရာ” ဆိုပြီး ရှုပ်ထွေးလှတဲ့ ဆင့်ကဲစီးနင်းမှုတွေကို ကြုံတွေ့ရပါတယ်။ ဒီပုံစံဟာ အမြန်ရထားလို အချိန်ကုန်သက်သာပြီး သက်သောင့်သက်သာရှိတဲ့ အားသာချက်လည်း မရှိသလို အွန်လိုင်းကားခေါ်စနစ်တွေလို လိုက်လျောညီထွေဖြစ်ပြီး စီးနင်းသူကို အဆင်ပြေစေတဲ့ အချက်လည်း မရှိတာကြောင့် ခရီးသည်တွေ လက်လွှတ်ဆုံးရှုံးခဲ့ရတာဟာ မရှောင်လွှဲနိုင်တဲ့ အကျိုးဆက် ဖြစ်ခဲ့ပါတယ်။
ရှင်သန်ခြင်း လမ်းစသစ်ဖြင့် တစ်ကျော့ပြန် အားကောင်းလာခြင်း
သို့သော်လည်း ဘတ်စ်ကားကြီးတွေဟာ သမိုင်းကဏ္ဍကနေ ပျောက်ကွယ်သွားတော့မယ်လို့ လူတိုင်းက ထင်မှတ်နေကြချိန်မှာပဲ ၎င်းတို့ဟာ ကြံ့ကြံ့ခံပြီး တစ်ကျော့ပြန် ဝင်ရောက်လာခဲ့ကာ ပိုလို့တောင် ရေပန်းစားလာပါသေးတယ်။
ယခုနှစ် နွေရာသီမှာတော့ အများပြည်သူအမြင်ကနေ နှစ်အတော်ကြာ ပျောက်ကွယ်နေခဲ့တဲ့ ‘ချန်တူး-ချုံချင့်’ ဘတ်စ်ကားကြီးတွေဟာ ပုံစံသစ်တစ်ခုနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဇွန်လနှောင်းပိုင်းမှာ ‘ချန်တူး-ချုံချင့်’ အသွားအပြန် ပြေးဆွဲပေးမယ့် အများပြည်သူသုံး အမြန်ဘတ်စ်ကားတွေကို စတင်ပြေးဆွဲခဲ့ပြီး တစ်ကြောင်းစာ လက်မှတ်ခကို အနိမ့်ဆုံး ယွမ် ၅၀ အထိ သတ်မှတ်ပေးခဲ့ပါတယ်။ နှိုင်းယှဉ်ချက်အရ အမြန်ရထားရဲ့ ဒုတိယတန်းစား ထိုင်ခုံစျေးနှုန်းဟာ ယွမ် ၁၅၀ ဝန်းကျင်ရှိတာကြောင့် ဘတ်စ်ကားစျေးနှုန်းက ရထားထက် ၃ ဆမျှ သက်သာနေပါတယ်။
ထိုဘတ်စ်ကားလိုင်းဟာ ဘယ်လောက်အထိ လူကြိုက်များသလဲဆိုရင် စတင်ပြေးဆွဲတဲ့ ပထမအပတ်မှာတင် ခရီးသည်စီးနင်းမှုနှုန်း (Seat occupancy) ၉၈ ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။
ဒါဟာ သီးခြားဖြစ်စဉ်တစ်ခုတော့ မဟုတ်ပါဘူး။ အချက်အလက်များအရ ၂၀၂၅ ခုနှစ်မှာ တရုတ်တစ်နိုင်ငံလုံးတွင် စိတ်ကြိုက် ဝန်ဆောင်မှုပေးသည့် ခရီးသည်တင် ယာဉ်လိုင်း
စုစုပေါင်း ၁၁,၃၀၀ ကျော် ရှိလာပြီး “၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” ကာလအတွင်း နှစ်စဉ်ပျမ်းမျှ တိုးတက်မှုနှုန်း ၃၆ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေ တိုးတက်လာရခြင်းရဲ့ နောက်ကွယ်မှာ ခရီးသွားပြည်သူတွေရဲ့ လက်တွေ့ကျတဲ့ လိုအပ်ချက်တွေ အခိုင်အမာ ရှိနေလို့ ဖြစ်ပါတယ်။
ဈေးကွက်က ဘတ်စ်ကားစနစ်ကို စွန့်ပစ်လိုက်တာမဟုတ်ဘဲ ဘတ်စ်ကားတွေအနေနဲ့ “ရှင်သန်မှုပုံစံသစ်” ကို ပြောင်းလဲဖို့ လိုအပ်နေခဲ့တာပဲ ဖြစ်ပါတယ်။
ခရီးသည်ဗဟိုပြု ဝန်ဆောင်မှု ပြုပြင်ပြောင်းလဲခြင်း
ယခုအခါ အရှိန်အဟုန်နဲ့ ပြန်လည်ခေတ်စားလာခြင်းရဲ့ နောက်ကွယ်မှာ ဝန်ဆောင်မှုအပိုင်းကို အကြီးအကျယ် ပြုပြင်ပြောင်းလဲလိုက်ခြင်းကြောင့် ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘတ်စ်ကားတွေဟာ ပုံသေသတ်မှတ်ထားတဲ့ “ဂိတ်တစ်ခုကနေ တစ်ခုသို့” ဆိုတဲ့ လမ်းကြောင်းစနစ်ကိုပဲ ဖက်တွယ်မထားတော့ဘဲ ဝန်ဆောင်မှုပုံစံတွေကို အောက်ပါအတိုင်း တိတ်တဆိတ် ပြောင်းလဲနေကြပြီ ဖြစ်ပါတယ်။
- စိတ်ကြိုက် အတက်အဆင်းပြုလုပ်နိုင်ခြင်း — ဥပမာအားဖြင့် ကျဲ့ကျန်း (Zhejiang) ပြည်နယ်မှာဆိုလျှင် ခရီးသည်စိတ်ကြိုက် ပြေးဆွဲပေးတဲ့ လိုင်းတချို့မှာ ခရီးသည်တွေအနေနဲ့ မိမိတို့တက်မယ့်၊ ဆင်းမယ့်နေရာတွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီဖြစ်လို့ အွန်လိုင်းက ကားခေါ်စီးရသလိုမျိုး လိုက်လျောညီထွေမှု ရှိလာစေပါတယ်။
- အဆင့်မြှင့်တင်ထားသော ဝန်ဆောင်မှုများ — စီချွမ် (Sichuan) ပြည်နယ်မှာဆိုလျှင် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းစုအချို့ဟာ ဘတ်စ်ကားကြီးတွေနေရာမှာ ၇ ယောက်စီးကနေ ၉ ယောက်စီး အဆင့်မြင့်လုပ်ငန်းသုံး ဗင်ကား (Business Van) တွေနဲ့ အစားထိုးပြေးဆွဲပေးနေပါတယ်။ လေယာဉ်ရဲ့ Business Class ထိုင်ခုံပုံစံမျိုး ပြုလုပ်ထားပြီး “အိမ်တိုင်ရာရောက် အကြိုအပို့” ဝန်ဆောင်မှုတွေကို ပေးအပ်လာတာကြောင့် ဆွဲဆောင်မှု ပိုမိုရှိလာစေပါတယ်။
ဈေးနှုန်းသက်သာခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အားသာချက်
ဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်လာရုံသာမက ဈေးနှုန်း အလွန်သက်သာခြင်းကလည်း လူတွေ ဘတ်စ်ကားကို ပြန်လည်ရွေးချယ်လာရတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ တစ်ကျော့ပြန် အားကောင်းလာတဲ့ ‘ချန်တူး-ချုံချင့်’ အမြန်ဘတ်စ်ကားတွေကို ကြည့်မယ်ဆိုရင် ယင်းကားအားလုံးဟာ စွမ်းအင်သစ်သုံး လျှပ်စစ်ကား (New Energy Vehicles) တွေ ဖြစ်ကြတာကြောင့် ကီလိုမီတာအလိုက် လည်ပတ်မှုကုန်ကျစရိတ်ကို အကြီးအကျယ် လျှော့ချနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကားဂိတ်တွေကိုလည်း မြေအောက်ရထားဘူတာတွေ၊ ဘတ်စ်ကားမှတ်တိုင်တွေရဲ့ ဘေးမှာပဲ ထားရှိတာကြောင့် ကားဂိတ်ကြီးတွေထဲ ဝင်စရာမလိုဘဲ ဝန်ထမ်းအင်အားလည်း လျှော့ချနိုင်ပြီး ဈေးနှုန်းချိုသာမှုကို ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်စတစ်စ မြင့်တက်လာနေတဲ့ အမြန်ရထားလက်မှတ်ခတွေနဲ့ နှိုင်းယှဉ်ရင် ဘတ်စ်ကားတွေရဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းက သိသိသာသာကို ပေါ်လွင်နေပါတယ်။
အမြန်ရထားလမ်း မရောက်ရှိနိုင်တဲ့ နေရာလွတ်တွေကို ကွက်တိဖြည့်ဆည်းပေးနိုင်ခြင်းကလည်း ဘတ်စ်ကားတွေ လူကြိုက်များလာရတဲ့ နောက်ထပ် လက်နက်ကောင်းတစ်ခု ဖြစ်ပါတယ်။
အမြန်ရထားကွန်ရက် ဘယ်လောက်ပဲစိပ်စိပ် လမ်းပန်းဆက်သွယ်ရေးရဲ့ “နောက်ဆုံး တစ်ကီလိုမီတာ” (သို့မဟုတ်) အစွန်အဖျားနေရာတွေအထိတော့ မလွှမ်းခြုံနိုင်ပါဘူး။ ထို့ကြောင့် ဘတ်စ်ကားကြီးတွေဟာ အမြန်ရထားမရောက်ရှိနိုင်တဲ့ ခရိုင်မြို့တွေ၊ ဝေးလံခေါင်သီတဲ့ ခရီးသွားနေရာတွေ၊ မြို့တစ်မြို့မှ တစ်မြို့သို့ နေ့စဉ်ရုံးတက်၊ ရုံးဆင်းသူတွေ၊ ဆေးကုသဖို့ သွားလာသူတွေနဲ့ ကျောင်းတက်သူတွေ စတဲ့ အကြိမ်ရေများများ သွားလာရမယ့် နေရာတွေကို အဓိကပစ်မှတ်ထား ပြေးဆွဲပေးခြင်းဖြင့် ပင်မ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေအတွက် “အသေးစိတ် ချိတ်ဆက် ပို့ဆောင်ရေးစနစ်” အဖြစ် ဖြည့်ဆည်းပေးနေပါတယ်။
ခိုင်မာသော ကုန်းလမ်းကွန်ရက် အခြေခံအဆောက်အအုံ
သေချာတာကတော့ ဘတ်စ်ကားတွေ အခုလို လိုက်လျောညီထွေစွာ “ပုံစံပြောင်းလဲ” နိုင်တဲ့ နောက်ခံတွန်းအားကတော့ တစ်နေ့ထက်တစ်နေ့ ပိုမိုစေ့စပ်လွှမ်းခြုံလာပြီး အဆင့်မြှင့်တင်လာတဲ့ လမ်းကွန်ရက်ကြီးကြောင့်ပဲ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ စာရင်းဇယားများအရ တရုတ်တစ်နိုင်ငံလုံးရဲ့ စုစုပေါင်း အဝေးပြေးလမ်းမအရှည်ဟာ ၅ ဒသမ ၅၇ သန်း ကီလိုမီတာကျော် ရှိလာပြီး ယင်းအနက် စုစုပေါင်း အမြန်လမ်းမကြီးများ အရှည်ဟာ ၁ ဒသမ ၉၉ သိန်း ကီလိုမီတာကျော် ပါဝင်ပါတယ်။
ဘက်စုံ လွှမ်းခြုံထားတဲ့ အမြန်လမ်းမကြီးများက ပင်မကျောရိုးအဖြစ် တာဝန်ယူပေးထားခြင်းကြောင့် ဘတ်စ်ကားတွေရဲ့ အချိန်တိကျမှုနဲ့ သက်သောင့်သက်သာရှိမှုကို အဆင့်မြှင့်တင်ပေးထားသလို ကျေးလက်ဒေသတွေအထိ ထိုးဖောက်ဝင်ရောက်နေတဲ့ ကျေးလက်လမ်းတွေကတော့ သွေးကြောငယ်လေးတွေအဖြစ် ဆောင်ရွက်ပေးနေတာကြောင့် စိတ်ကြိုက်ဝန်ဆောင်မှုနဲ့ ပြေးဆွဲမယ့် ကားလိုင်းတွေကို ကျေးရွာ၊ ရပ်ကွက်တွေအထိ ဝင်ရောက်နိုင်စေတာ ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးရဲ့ အနှစ်သာရကတော့ လူနဲ့လူ၊ လူနဲ့မြို့ပြကို ပိုမိုကောင်းမွန်စွာ ချိတ်ဆက်ပေးဖို့ ဖြစ်ပါတယ်။
ဘတ်စ်ကားတွေ တစ်ကျော့ပြန် ခေတ်စားလာခြင်းဟာ ဘယ်သူ့ရဲ့ စီးပွားရေးကိုမှ လုယူတာမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်ကြီး ပိုမိုရင့်ကျက် အားကောင်းလာတဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး “သွားစရာ လမ်းရှိရုံ” အဆင့်မှ “ဝန်ဆောင်မှုများကို အလွှာလိုက် ခွဲခြားပေးနိုင်ခြင်း” အဆင့်သို့ ကူးပြောင်းလာတာပဲ ဖြစ်ပါတယ်။
ဘက်စုံ လွှမ်းခြုံထားတဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်ကြီးတစ်ခုဟာ အမြန်ရထားတွေနဲ့ ‘စွမ်းဆောင်ရည်နှင့် အရှိန်အဟုန်’ ကို ဖော်ဆောင်ပေးနိုင်သလို တစ်ဖက်မှာလည်း ဘတ်စ်ကားတွေနဲ့ ‘အခြေခံလူမှုဘဝ ခရီးသွားလာမှု’ ကို အဆင်ပြေစေပါတယ်။ လူတိုင်းရဲ့ ခရီးသွားလာမှု လိုအပ်ချက်တိုင်းကို အဆင်ပြေချောမွေ့အောင် ဖြည့်ဆည်းပေးနိုင်ခြင်းကသာ “ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စေရေး” ရဲ့ အစစ်မှန်ဆုံးနဲ့ အရိုးရှင်းဆုံး ပုံရိပ် ဖြစ်ပါတော့တယ်။
သတင်းအရင်းအမြစ် : San Li He






