ငဝန်ရေကာတာ ကျိုးပေါက်လို့ လေးမျက်နှာမြို့နှင့် အနီးဝန်းကျင်ရှိ ရေဘေးအန္တရာယ် ကျရောက်နိုင်သည့် နေရာများ အရေးပေါ် ရွှေ့ပြောင်းပေးနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေးထားပါတယ်။
ယနေ့ ဇူလိုင် ၃၁ ရက်နေ့ မနက် ၇ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်မြစ် ရေကာတာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိသော အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်၊ ဂျမ်းကုန်းကျေးရွာ၊ ကျွန်းတဲကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာနှင့် ညောင်ပင်ဝဲကျေးရွာရှိ အိမ်ထောင်စုများအား ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ တိုင်းဒေကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၃၀ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်ခန့်က စလို့ မြစ်ရေတွန်းအားကြောင့် ငဝန်ရေကာတာ၏ တာဘောင် ပေ ၂၀ ခန့် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ပြီး တာကျိုးပေါက်မှုကြောင့် တာအတွင်းဘက်သို့ မြစ်ရေများ အနက် ၂ ဒသမ ၅ ပေခန့် စတင်ဝင်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။
တာအတွင်းသို့ ဝင်ရောက်လာသော မြစ်ရေများဟာ ဖြစ်စဉ်နေရာ၏ အရှေ့ဘက် မြစ်ကျိုးအင်းမှတစ်ဆင့် အရှေ့မြောက်ဘက် ချောင်းဇောက်၊ ထိုမှတစ်ဆင့် စာရေးကုန်းချောင်း နှင့် ဒါးကမြစ်အတွင်းသို့ စီးဝင်နိုင်ပြီး အထက်ပါ ရေစီးဆင်းမှုကြောင့် လေးမျက်နှာမြို့အတွင်းက ရေဝင်ရောက်နိုင်သော အနိမ့်ပိုင်း ရပ်ကွက်များနှင့် စိုက်ပျိုးမြေများအနီး နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာ ကုန်းမြင့်များ၊ စက်ရုံ/ကျောင်းများ/ဓမ္မာရုံများနှင့် သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ ချက်ချင်း အရေးပေါ် ရွှေ့ပြောင်းကြရန်လည်း တိုင်းအစိုးရအဖွဲ့မှ အသိပေးထားပါတယ်။
အရေးပေါ်ရွှေ့ပြောင်းရာတွင်လည်း တန်ဖိုးရှိ စာရွက်စာတမ်းများ၊ ဆေးဝါး၊ အစားအစာများနှင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များကို ရှေးဦးစွာ လုံခြုံသောနေရာသို့ ပို့ဆောင်ထားကြရန်၊ မိမိတို့အိမ်ရှိ လျှပ်စစ်မိန်းခလုတ်များကို ပိတ်ထားကြရန် နှင့် အခက်အခဲရှိပါက ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များထံ ချက်ချင်း ဆက်သွယ်အကူအညီတောင်းခံကြရန် နှင့် ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းမရှိဘဲ သက်ဆိုင်ရာ၏ အရေးပေါ် ညွှန်ကြားချက်များကို အတိအကျလိုက်နာ၍ ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်းနေထိုင်ကြပါရန်လည်း အသိပေးထားပါတယ်။
လေးမျက်နှာမြို့နယ်ရေဘေးသင့်ပြည်သူများအတွက် ရေဘေးအလှူပစ္စည်းများလှူဒါန်းလိုပါက ပုသိမ်မြို့၊ မင်းကြီးလမ်း၊ ကြက်တောင်အားကစားရုံတွင်လာရောက်လှူဒါန်းနိုင်ပါကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးနှိုးဆော်ထားပါတယ်။
Photos- ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ , မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့






