ငှက်ပျောလျှော်နှင့် မြက်မှထုတ်လုပ်သည့် မြန်မာ့လက်မှုပစ္စည်းများအား တရုတ်နိုင်ငံ HEILONGJIANG ကုန်သည်ကြီးများအသင်းမှ ဝယ်ယူရန် သဘောတူလက်မှတ်ရေးထိုးထားကြောင်း Green Banana Myanmar မှ သိရပါတယ်။
Green Banana Myanmar ၏ စွန့်ဦးတီထွင်လုပ်ငန်းဖြစ်သည့် ငှက်ပျောလျှော်နှင့် မြက်မှ ထုတ်လုပ်သည့် အရည်အသွေးမြင့် လက်မှုပစ္စည်းများကို တရုတ်နိုင်ငံ HEILONGJIANG ကုန်သည်ကြီးများအသင်းမှ ဝယ်ယူရန်အတွက် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး Green Banana Myanmar အနေဖြင့် ငှက်ပျောလျှော်နှင့် မြက်မှ ခေါင်းအုံး၊ ဦးထုပ်၊ ပဝါ၊ အိတ်၊ ဖိနပ်၊ ဖျာ ဒီဇိုင်းမျိုးစုံနှင့် အခြားလူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိကြောင်း သိရပါတယ်။
“စွန့်ဦးတီထွင်လုပ်ငန်းအဖြစ် ကြိုးစားခဲ့သမျှ အောင်မြင်မှုရခဲ့ပါပြီ။ နိုင်ငံတော်အကြီးအကဲတရုတ်ခရီးစဉ်သွားပြီး ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ ခရီးသွားပြပွဲကနေ တစ်ဆင့်အချိတ်အဆက်ရတယ်။ အဲဒီကနေ ငှက်ပျောလျှော်နဲ့ မြက်ကထွက်တဲ့ပစ္စည်းတွေ တင်ပို့ရောင်းချနိုင်ဖို့ လက်မှတ်ထိုးဖြစ်ခဲ့တာပါ။ ဒီလုပ်ငန်းကနေ ဒေသခံတွေအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်လို့ ဝမ်းသာကျေနပ်ရပါတယ်။ စွန့်ပစ်ပစ္စည်းကနေ လူသုံးကုန်ပစ္စည်းတွေ ဆက်ထုတ်ချင်ပါတယ်” လို့ Green Banana Myanmar မှ တာဝန်ရှိသူက ပြောကြားထားပါတယ်။
အဆိုပါလက်မှုပစ္စည်းများကို HEILONGJIANG ကုန်သည်ကြီးများအသင်းက တရုတ်နိုင်ငံ ပြည်နယ် ၄ ခုရှိ အခြားကုမ္ပဏီများ၊ အဖွဲ့အစည်းများထံ ရောင်းချသွားမည်ဖြစ်ကာ လာမည့် ဩဂုတ်လတွင် တင်ပို့ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
Green Banana Myanmar ဟာ နိုင်ငံတော်ကပေးသည့် ထူးချွန်စွန့်ဦးတီထွင်သူ ၁၁၉ ဦးထဲတွင် တစ်ဦးအဖြစ် ပါဝင်တယ်လို့သိရပါတယ်။
Photo – MOI






