မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)သုံးစွဲခွင့်ပြုထားသည့် YBS ခရီးသည်တင်ယာဉ် ၁၀ စီးဟာ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပြေးဆွဲမှုမရှိဘဲ စက်ရုံများတွင် ဖယ်ရီပြေးဆွဲနေသည့်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်း၍ အရေးယူထားကြောင်း သိရပါတယ်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးနှင့် ပြည်သူများ ခရီးသွားလာရာတွင် သက်သာချောင်ချိမှုရရှိစေရေးအတွက် YBS ခရီးသည်တင်ယာဉ်များနှင့် Taxi ယာဉ်များကို ဦးစားပေး၍ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG)အား တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။

သို့သော်အချို့သော YBS ခရီးသည်တင်ယာဉ်များအနေဖြင့် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမပြုဘဲ စက်မှုဇုန်များတွင် စက်ရုံဖယ်ရီပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ YBS ခရီးသည်တင်ယာဉ် ၁၀ စီးသည် စက်ရုံတွင် ဖယ်ရီပြေးဆွဲနေကြောင်း စိစစ်တွေ့ရှိရသည့်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အဆိုပါ YBS ခရီးသည်တင်ယာဉ် ၁၀ စီးအား ဇူလိုင် ၂၅ ရက်မှစ၍ ရာသက်ပန် ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်း၍ အရေးယူခဲ့ကြောင်း၊ ၎င်းမော်တော်ယာဉ် ၁၀ စီး၏ နံပါတ်များကိုလည်း CNG ဆိုင်များ အားလုံးတွင် ကြေညာထားမည်ဖြစ်ကြောင်း သိရပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များတွင် CNG ဝယ်ယူခွင့်စာအုပ်ပါရှိသည့် ယာဉ်များကိုသာ ဓာတ်ငွေ့ဖြည့်သွင်း ရောင်းချပေးခြင်းနှင့် မော်တော်ယာဉ်မှတ်ပုံတင် စာအုပ် (Owner Book)တွင် CNG သုံးယာဉ်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)မှ CNG တံဆိပ်တုံး မှတ်ပုံတင်ပြီးမှသာ CNG ယာဉ် နှစ်ပတ်လည် သက်တမ်းတိုးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
ထို့ကြောင့် CNG ယာဉ်များအနေဖြင့် အခြားယာဉ်များသို့ တရားမဝင် CNG ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါကလည်း ကျူးလွန်သည့် ယာဉ်များအား ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်း အရေးယူလျက် ရှိကြောင်းနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးနှင့် ပြည်သူလူထုသက်သာချောင်ချိရေးအတွက် အမှန်တကယ်ဆောင်ရွက်မည့် လုပ်ငန်းရှင်များကိုသာ CNG အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
Photos – MOI






