မိမိပိုင်ယာဉ်နံပါတ်ဖြင့် အခြားသူများမှ မသမာသောနည်းလမ်းအသုံးပြု၍ စက်သုံးဆီ ဝယ်ယူခြင်းခံရသည့် ယာဉ်ပိုင်ရှင်များအတွက် စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ
အသိပေးထုတ်ပြန်လိုက်ပါတယ်။
အထက်ပါ ယာဉ်ပိုင်ရှင်များအနေဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများသို့ စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးနိုင်ရေး
မိမိတို့၏ မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထောက်ခံချက်မူရင်း၊ မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်မိတ္တူ (Colour)၊ ယာဉ်ပိုင်ရှင်၏မှတ်ပုံတင်မိတ္တူ (Colour)၊ ယာဉ်ပိုင်ရှင်၏ နေရပ်လိပ်စာ (မြို့နယ်၊တိုင်းဒေသကြီး/ပြည်နယ်) နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ မိမိပိုင်ယာဉ်နံပါတ် ဖြင့် အခြားဆိုင်များတွင် စက်သုံးဆီဝယ်ယူခဲ့မှု အထောက်အထား (ရက်စွဲ၊ အချိန်၊ ဆိုင်အမည်) စသည်တို့ကို တင်ပြလျှောက်ထားရမယ်လို့ သိရပါတယ်။
အဆိုပါ အချက်အလက်များနှင့်လျှောက်ထားလာပါက တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများမှ စိစစ်တင်ပြမှုဆောင်ရွက်ပြီးနောက် QR Code အသစ်ထုတ်ပေးမှာဖြစ်ပြီး QR Code အသစ်ထုတ်ပေးပြီးနောက် အဆိုပါယာဉ်အတွက် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် တွင်ပါရှိသည့် Barcode သို့မဟုတ် အရောင်းဆိုင်မှထုတ်ပေးခဲ့သည့် QR Code ဖြင့် စက်သုံးဆီဝယ်ယူခွင့်ရမည်မဟုတ်ဘဲ အသစ်ထုတ်ပေးသည့် QR Code ဖြင့်သာ စက်သုံးဆီ ဝယ်ယူခွင့်ရရှိမယ်လို့လည်း သိရပါတယ်။
ယာဉ်ပိုင်ရှင်အနေဖြင့် အသစ်ထပ်မံထုတ်ယူသော QR Code ပျက်စီးပျောက်ဆုံးမှုမရှိစေရေး တာဝန်ယူထိန်းသိမ်းထားရှိရန် လိုအပ်မယ်လို့လည်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
Photo- MDN






