စစ်ဆေးရေးဂိတ်များတွင် ဒေသထွက်ကုန်ပစ္စည်းများအပေါ် ငွေကြေးလုံးဝ (လုံးဝ) ကောက်ခံခြင်းမရှိဘူးလို့ နေပြည်တော် ကောင်စီဝင် ဦးဝင်းမိုးခိုင်က ဇူလိုင် ၁၃ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
မနေ့က ပြလုပ်ခဲ့တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့၌ မြဝတီမဲဆန္ဒနယ်မှ ဦးခင်မောင်ချင်း၏ အခွန်လွတ်ဈေးများဖွင့်လှစ်ရန်နှင့် ဒေသထွက်ကုန်များ သယ်ယူရာတွင် ငွေကြေးကောက်ခံသည့်နေရာများ လျော့နည်းအောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ မရှိပါက အဘယ်ကြောင့်နှင့် ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကော်စီဝင်က ပြန်လည်ဖြေကြားရာတွင် အခုလို ထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။
နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် BOT ကုမ္ပဏီများမှ လမ်းအသုံးပြုခ ကောက်ခံလျက်ရှိသော ဂိတ်နှင့် လမ်းဦးစီးဌာနမှ ကောက်ခံသော လမ်း၊ တံတား အသုံးပြုခကောက်ခံရေးဂိတ်များသာရှိပြီး အခြားငွေကြေးကောက်ခံသည့် ဂိတ်များမရှိကြောင်းနှင့် ငွေကြေး ကောက်ခံခြင်းမရှိစေရန် တာဝန်ရှိသူများက စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ငွေကြေး ကောက်ခံခြင်းများရှိပါက နိုင်ငံတော်၏ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ ဌာန/တပ်ဖွဲ့များမှ သတ်မှတ်ထုတ်ပြန်ထားရှိသော ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ ဥပဒေတို့ဖြင့် အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ကောင်စီဝင် ဦးဝင်းမိုးခိုင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အနေဖြင့် စည်ပင်သာယာရေးကော်မတီပိုင်ဈေး ၃၈ ဈေးတွင် ဒေသထွက်ကုန်ပစ္စည်းများကို မည်သူမဆို လွတ်လပ်စွာရောင်းချနိုင်ရန် ပျံကျနေရာများ အခမဲ့စီစဉ် ဆောင်ရွက်ပေးထားပြီး အဆိုပါနေရာများတွင် လာရောက်ရောင်းချသည့် ဈေးသည်များကို ကုန်ပစ္စည်းများ ရောင်းချခြင်းအတွက် အကျယ်အဝန်းအလိုက် သင့်တင့်သောနှုန်းထားများဖြင့် နေ့စဉ်ပျံကျဈေးကောက် တစ်မျိုးတည်းသာကောက်ခံပြီး နံနက်ဈေး၊ ညဈေးများ ဖွင့်လှစ်ထားရှိပြီးဖြစ်သဖြင့် အခွန်လွတ်ဈေးသီးသန့် ဖွင့်လှစ်ဆောင်ရွက်ရန် လိုအပ်မှုမရှိဘူးလို့လည်း သူက ဖြေကြားခဲ့ပါတယ်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ရွှေပြည်သာမြို့နယ် ရွှေပြည်သာ အခွန်လွတ်ဈေး၊ လှိုင်သာယာမြို့နယ် လှိုင်သာယာအခွန်လွတ်ဈေး၊ မရမ်းကုန်းမြို့နယ် ဂန္ဓမာအခွန်လွတ်ဈေး၊ တာမွေမြို့နယ် တာမွေအခွန်လွတ်ဈေး၊ ဒဂုံမြို့နယ် ပန်တျာအခွန်လွတ်ဈေး၊ ကမာရွတ်မြို့နယ် ဟံသာဝတီအခွန်လွတ်ဈေး စသည့် အခွန်လွတ်ဈေးများတွင် ဆိုင်ခွန်၊ ဆိုင်ခများ၊ နှစ်စဉ်မှတ်ပုံတင်ကြေးများ ကောက်ခံခြင်းမပြုဘဲ ပြည်သူများအနေဖြင့် ဒေသထွက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။
မန္တလေးတိုင်းဒေသကြီးအနေဖြင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်ရောင်းချသူများအတွက် အခွန်လွတ်ဈေးများအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွင်း အချိန်၊ နေရာ၊ ရက် သတ်မှတ်၍ စနစ်တကျ ဖွင့်လှစ်နိုင်ရေး စိစစ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မွန်ပြည်နယ်အနေဖြင့် မြို့နယ်အလိုက်ရောင်းချပေးသည့် ဈေးနေရာနှင့် ရက်သတ်မှတ်၍ ဈေးကောက်ကောက်ခံခြင်းမရှိဘဲ အခမဲ့ရောင်းချခွင့်ပြုပြီး တစ်ပတ်လျှင် ၂ ရက် ရောင်းချပေးသော မြို့နယ် ၅ ခုနှင့် တစ်ပတ်တစ်ရက်ဖွင့်လှစ်ရောင်းချပေးသော မြို့နယ် ၅ ခု ရှိတယ်လို့လည်း သိရပါတယ်။
ကရင်ပြည်နယ်အနေဖြင့် ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဟင်းသီးဟင်းရွက်၊ အသား/ ငါးများအား ဝယ်ယူနိုင်ရေးအတွက် အခွန်လွတ်ဈေးများအား အပတ်စဉ် ဗုဒ္ဓဟူးနှင့် စနေနေ့တို့တွင်လည်းကောင်း၊ ဘားအံမြို့၌ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများ ရောင်းချသည့် တောင်သူလယ်သမားဈေးအား အပတ်စဉ် အင်္ဂါ၊ စနေနေ့များတွင်လည်းကောင်း ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် မြို့နယ် ၃၀ မြို့နယ်၌ အခွန်လွတ်ဈေး ၃၀ ဖွင့်လှစ်ခဲ့ပြီး အခွန်လွတ်ဈေးများတွင် ဒေသထွက်ကုန်ပစ္စည်းများအား ရောင်းချ ဆောင်ရွက်ခဲ့ကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့် မြို့ပြများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူဦးရေများပြား လာခြင်း၊ လူနေထိုင်ရန်နေရာများ တိုးချဲ့လာခြင်းတို့အပေါ် မြေနေရာအခက်အခဲရှိပါသဖြင့် အခွန်လွတ်ဈေးများ ဖွင့်လှစ်ရန်အတွက် သီးခြားနေရာ လတ်တလောသတ်မှတ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်းလည်း ဖြေကြားခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်/မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများတွင် ဟင်းသီးဟင်းရွက်နှင့် အခြားထွက်ကုန်ပစ္စည်းများကို ရောင်းချရန် ပျံကျဈေးရုံများ ဆောက်လုပ်၍ ရောင်းချခွင့်ပြုလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအနေဖြင့် မြို့နယ် ၂၈ မြို့နယ်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများတွင် ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်မွေးမြူသူများကို အခွန်ငွေကြေးကောက်ခံမှုမရှိဘဲ အခွန်လွတ်ဈေးနေရာ သတ်မှတ်ပေးပြီး သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချစေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ စားသုံးသူပြည်သူများကို ပိတ်ရက်မရှိ ရောင်းချပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။
Photo – MOI






