တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ သန်း ၃၀၀ လမ်းပေါ်ထွက်နေကြပါသည်။
တရုတ်အမျိုးသားနေ့ ရုံးပိတ်ရက်ကာလအတွင်း အနယ်နယ်အရပ်ရပ်ရှိ သဘာဝအလှတရားများဆီသို့ သွားရောက်လည်ပတ်ကြသည့် ခရီးသွား စိတ်အားထက်သန်မှုမှာ အထူးပင် လှုပ်ရှားသက်ဝင်နေပါသည်။
ဤသို့ လူပေါင်းများစွာ စုပေါင်း အပြင်ထွက်ကြသည့် ခရီးစဉ်များတွင် ကုန်းလမ်းပို့ဆောင်ရေးမှ ခရီးသွားပမာဏ၏ ၉၀ ရာခိုင်နှုန်းကျော်ကို တာဝန်ယူထားပြီး ကိုယ်တိုင် မော်တော်ယာဉ် မောင်းနှင်သည့် ခရီးသွားလာမှု (Self-driving) မှာ အဓိကပင်မ ဒေါင်တိုင်ဖြစ်နေပါသည်။
လွန်ခဲ့သည့်နှစ်များမှစ၍ ကိုယ်တိုင် မော်တော်ယာဉ် မောင်းနှင်သည့် ခရီးသွားလာမှုသည် ရုံးပိတ်ရက်ခရီးသွားလာရေး၏ အဓိကနည်းလမ်းအဖြစ် ခိုင်မာစွာရပ်တည်နေခဲ့ပြီး ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် ခရီးသွားသည့် ခေတ်သို့ ရောက်ရှိလာနေပြီဖြစ်ပါသည်။
၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ စာရင်းများအရ တစ်နိုင်ငံလုံးရှိ မော်တော်ယာဉ်ပိုင်ဆိုင်မှုမှာ ၃၇၁ သန်းအထိ ရှိလာခဲ့ပြီး မော်တော်ယာဉ်မောင်းနှင်သူ ဦးရေမှာ ၅၃၃ သန်း ရှိလာခဲ့ပါသည်။ ဤကိန်းဂဏန်းနှစ်ခုစလုံးသည် ကမ္ဘာ့အဆင့် ၁ နေရာတွင် ရပ်တည်နေပြီး ထုတ်လုပ်မှုနှင့် ရောင်းချမှု ပမာဏတွင်လည်း တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရောင်းချမှုသည် ၁၇ နှစ်ဆက်တိုက် ကမ္ဘာ့အဆင့် ၁ ဖြစ်ခဲ့ပါသည်။
သို့သော် မော်တော်ယာဉ်များရှိရုံနှင့် မလုံလောက်ဘဲ မော်တော်ယာဉ်များ လမ်းပေါ်ထွက်နိုင်ရန် ဆက်စပ်အအထောက်အကူပြုပစ္စည်းများပါ အမီလိုက်နိုင်ရန် လိုအပ်ပါသည်။
၂၀၂၅ ခုနှစ် နှစ်ကုန်အထိ စာရင်းများအရ တစ်နိုင်ငံလုံးရှိ လမ်းမကြီးများ အရှည်မှာ ကီလိုမီတာ ၅ ဒသမ ၅၇၈၉ သန်းအထိ ရှိလာခဲ့ပြီး ယင်းအနက် အမြန်လမ်းမကြီး အရှည်မှာ ကီလိုမီတာ ၁၉၉,၄၀၀ ပါဝင်ကာ အဆင့် ၄ နှင့်အထက် လမ်းမကြီးများမှာ ၉၈ ဒသမ ၁ ရာခိုင်နှုန်း ရှိပြီး တရုတ်နိုင်ငံ၏ အမြန်လမ်းမကြီးများ အရှည်သည် ကမ္ဘာ့အဆင့် ၁ နေရာတွင် ခိုင်မာစွာ ရပ်တည်နေပါသည်။
ထို့အပြင် စွမ်းအင်သစ်သုံး မော်တော်ယာဉ်များ ခေတ်စားလာသည်နှင့်အမျှ အမြန်လမ်းမကြီးများပေါ်ရှိ အားသွင်းကွန်ရက်များကိုလည်း ပိုမိုမြန်ဆန်စွာ တိုးချဲ့ဖြန့်ကျက်လျက်ရှိပါသည်။ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ဒေတာများအရ ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ တစ်နိုင်ငံလုံးရှိ ခရီးတစ်ထောက်နား စခန်းများတွင် စွမ်းအားမြင့် အားသွင်းစနစ် (Charging Guns) ပမာဏ ၁၁,၀၀၀ ခန့် အသစ်တိုးချဲ့တပ်ဆင်ခဲ့ပြီး ယင်းမှာ ၂၀၂၅ ခုနှစ်နှင့် ယင်းမတိုင်မီ တပ်ဆင်ခဲ့ပြီးသမျှ စုစုပေါင်းပမာဏနှင့် အတူတူပင်ဖြစ်ပါသည်။
လက်ရှိအချိန်အထိ ယာဉ်ရပ်နားစခန်းများရှိ စွမ်းအားမြင့် အားသွင်းစနစ်ပေါင်း ၂၂,၀၀၀ ခန့်အထိ ရှိလာခဲ့ပြီး တစ်နိုင်ငံလုံးရှိ အမြန်လမ်းမကြီး ယာဉ်ရပ်နားစခန်းများတွင် စုစုပေါင်း တပ်ဆင်ထားသည့် အားသွင်းစနစ်ပေါင်း ၈၉,၀၀၀ ခန့်အထိ ရှိလာခဲ့ပြီဖြစ်ကာ အားသွင်းတိုင် မလုံလောက်ခြင်း၊ တန်းစီရသည့် သောကများ စသည့် ပြဿနာများကို စနစ်တကျ ဖြေရှင်းပေးလျက်ရှိပါသည်။
အခြေခံအဆောက်အအုံများ ပြည့်စုံကောင်းမွန်လာခြင်းသည် “လမ်းရှိရုံ” သာမကဘဲ ပိုမိုကောင်းမွန်စွာ နားနေနိုင်ခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းနိုင်ခြင်းနှင့် အားသွင်းနိုင်ခြင်း အစရှိသည့် ဝန်ဆောင်မှုအပြည့်အစုံ ပါဝင်လာခဲ့ပါသည်။
မော်တော်ယာဉ်တစ်စီး လမ်းပေါ်ထွက်ခွာသွားခြင်းသည် လမ်းဘေးဝဲယာရှိ စားသောက်ဆိုင်များ၊ တည်းခိုခန်းများ၊ ဝင်ကြေးလက်မှတ်များ၊ ယာဉ်သုံးပစ္စည်းများ၊ ကိုယ်တိုင်မောင်းခရီးသွား ပစ္စည်းများ၊ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှု စသည်တို့အပါအဝင် အလွန်ရှည်လျားသော စားသုံးမှုကွင်းဆက်ကို မောင်းနှင်ပေးလိုက်ခြင်း ဖြစ်ပြီး အဆိုပါ ကွင်းဆက်၏ ပမာဏမှာလည်း အလွန်ပင် ကြီးမားလှပါသည်။
တရုတ်လူမှုသိပ္ပံအကယ်ဒမီ ခရီးသွားလာရေး သုတေသနဗဟိုဌာနနှင့် တရုတ်ခရီးသွားယာဉ်နှင့် သင်္ဘောအသင်းတို့ ပူးပေါင်းထုတ်ပြန်သည့် တရုတ်နိုင်ငံ ကိုယ်တိုင်မော်တော်ယာဉ်မောင်းနှင် ခရီးသွားလာမှု ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ ဒေတာများအရ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ကိုယ်တိုင်မော်တော်ယာဉ်မောင်းနှင် ခရီးသွားလာမှု ဈေးကွက်ပမာဏသည် ယွမ် ၁ ဒသမ ၅ ထရီလီယံကျော်အထိ စံချိန်တင်ခဲ့ပါသည်။
ကိုယ်တိုင်မောင်းနှင် ခရီးသွားသည့် အုပ်စုသည်လည်း ပိုမိုကျယ်ပြန့်သော အသက်အရွယ်အပိုင်းအခြားများသို့ ပျံ့နှံ့လာနေပြီး တစ်နိုင်ငံလုံး ခရိုင်အဆင့် ကိုယ်တိုင်မောင်းနှင် ခရီးသွားလာမှု သုတေသနအစီရင်ခံစာ ၂၀၂၅ အရ ကိုယ်တိုင်မောင်းနှင် ခရီးသွားဈေးကွက်သည် အသက် ၃၅ နှစ်မှ ၅၅ နှစ်အတွင်းရှိ အသက်လတ်ပိုင်းအုပ်စုကို အဓိကထားရာမှ “Gen Z” နှင့် “အသက်ကြီးပိုင်းအုပ်စု” ဟူသော အစွန်းနှစ်ဘက်သို့ တိုးချဲ့လာနေပြီး အသက် ၆၀ အထက် ကျန်းမာသန်စွမ်းသည့် အငြိမ်းစားယူထားသူများသည် ခရီးရှည် ကိုယ်တိုင်မောင်းနှင် ခရီးသွားလာမှု၏ အရေးပါသော အင်အားစု ဖြစ်လာခဲ့ပါသည်။
“၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” လမ်းညွှန်ချက်တွင် အရည်အသွေးမြင့် ခရီးသွားထုတ်ကုန်များ ထောက်ပံ့မှုကို ကြွယ်ဝစေရန်၊ ဒေသထူးခြားဆန်းသစ်မှုများနှင့် ယဉ်ကျေးမှုဆိုင်ရာ အနှစ်သာရများကို အဓိပ္ပာယ်ဖော်ထုတ်ရန်နှင့် ကဏ္ဍစုံ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုကို တက်ကြွစွာ တွန်းအားပေးရန် အဆိုပြုထားပါသည်။
ကိုယ်တိုင်မောင်းနှင် ခရီးသွားလာမှုသည် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စားသုံးမှုကို မြှင့်တင်ပေးသည့်အပြင် မြို့နှင့်ကျေးလက် အရင်းအမြစ်များကို ချိတ်ဆက်ပေးသည့် အရေးပါသော လမ်းကြောင်းတစ်ခုအဖြစ် လမ်းကွန်ရက်များကို ပေါင်းကူးတံတားသဖွယ် အသုံးပြုကာ သက်ဆိုင်ရာ စက်မှုဇုန်များထံသို့ မပျက်စီးနိုင်သော စွမ်းအင်သစ်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိပါသည်။
လမ်းမကြီးတစ်ခုစီသည် တောင်နှင့်ပင်လယ်ကို ချိတ်ဆက်ပေးသည့် လမ်းကြောင်းတစ်ခုမျှတင်မကဘဲ တက်ကြွမှုကို စုစည်းပေးသည့် စီးပွားရေးပေါင်းကူးတံတားလည်း ဖြစ်ပါသည်။
ဘီးတပ်ယာဉ်များ မောင်းနှင်ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ကျယ်ပြောလှသည့် သဘာဝရှုခင်းများကို တွေ့မြင်နိုင်ရုံမျှမက ပြည်သူတို့၏ အိမ်ထောင်စု သာယာဝပြောမှုများကိုပါ လက်တွေ့ခံစားရရှိနိုင်ပါသည်။
တစ်ထရီလီယံပမာဏရှိသည့် ဘီးတပ်စီးပွားရေး (Wheel Economy) သည် တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုခရီးသွားလာရေး ပုံရိပ်သစ်နှင့် စီးပွားရေးဆိုင်ရာ စွမ်းအင်သစ်များဆီသို့ လျင်မြန်စွာ ဦးတည်မောင်းနှင်နေပြီ ဖြစ်ပါသည်။






