တစ်ရက်ထိုင်ချိန် ပုံမှန်ထက် တစ်နာရီပိုများလာတိုင်း ကင်ဆာရောဂါဖြစ်နိုင်ခြေ မြင့်မားလာနိုင်ကြောင်း စကော့တလန် သုတေသန ပညာရှင်များက ပြောကြားထားပါတယ်။
အထိုင်များမှု ပြဿနာသည် အဝလွန်မှုရောဂါ၊ ဆီးချိုရောဂါနှင့် နှလုံးရောဂါကဲ့သို့ ကျန်းမာရေး ပြဿနာများ ပေါ်လာနိုင်ခြေနှင့် ဆက်စပ်နေကြောင်း သုတေသန ပညာရှင်များက ဖော်ထုတ်တင်ပြခဲ့ဖူးပေမယ့် ယခု သုတေသန ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အထိုင်များမှု ပြဿနာကြောင့် ကင်ဆာရောဂါများဖြစ်နိုင်ခြေနှင့် ယင်းကင်ဆာရောဂါများကြောင့် အသက်ဆုံးပါးနိုင်ခြေ ပုံမှန်ထက်ပိုများလာနိုင်ကြောင်း သိရပါတယ်။
စကော့တလန် သုတေသန ပညာရှင်များဟာ အရွယ်ရောက်သူ ၁၀၀,၀၀၀ ခန့်တို့၏ ကျန်းမာရေးအချက်အလက် များကို အချိန်ယူစောင့်ကြည့်လေ့လာခဲ့ကြတာဖြစ်ပြီး လေ့လာချက်မှ ပေါ်ထွက်လာသည့်ရလဒ်များအရ အထိုင်များမှု ပြဿနာကြောင့် ကင်ဆာရောဂါများဖြစ်ပွားနိုင်ခြေ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယင်း ရောဂါများကြောင့် အသက်ဆုံးပါးနိုင်ခြေလည်း ၉ ရာခိုင်နှုန်းမြင့်တက်လာနိုင်ကြောင်း သိရပါတယ်။
တစ်ရက်ထိုင်ချိန်ကို လျှော့ချ၍ မိနစ် ၃၀ ကြာမျှ ကိုယ်ကာယလှုပ်ရှားမှုများ ပြုလုပ်ပေးခြင်းဖြင့် ကင်ဆာရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားထားပါတယ်။
Photo – Internet






