တရားမဝင်ဓာတ်အားရယူသုံးစွဲနေသူများမှ သက်ဆိုင်ရာများသို့ ဆက်သွယ်အသိပေးလာနေလို့ ကင်းလွတ်ခွင့်အချို့ဖြင့် ဖြေလျှော့ပေးလျက်ရှိတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်လာပါတယ်။
ယခုအခါ မသမာသောနည်းလမ်းများကို အသုံးပြု၍ တရားမဝင်ဓာတ်အားရယူသုံးစွဲနေသူများမှ သက်ဆိုင်ရာဌာနအသီးသီးသို့ ဆက်သွယ်အသိပေးလျက်ရှိနေကြပြီဖြစ်တာကြောင့် ဖြေလျော့မှုများအဖြစ် ဓာတ်အားဖြတ်တောက်ခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ဒဏ်ကြေးငွေကျပ် ၃ သိန်း တောင်းခံခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း နှင့် တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများအတွက် လျော်ကြေးတွက်ချက်ရာတွင် မူလသတ်မှတ်ချက်၏ ၅၀ ရာခိုင်နှုန်း ကိုသာ ကောက်ခံခြင်းတို့ကို ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
လျှပ်စစ်ဓာတ်အား တရားမဝင်ရယူသုံးစွဲမှုများ လျော့နည်းပပျောက်လာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ပြည်သူများသို့ ပိုမို၍တိုးမြှင့် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ ပြည်သူများအနေဖြင့် ကိုယ်ချင်းစာစိတ်များဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြရန် ဝန်ကြီးဌာနမှ အသိပေးထားပါတယ်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် မသမာသောနည်းလမ်းများကို အသုံးပြု၍ တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများ ပြုလုပ်ထားပါက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးကြရန်နှင့် ယင်းသို့အသိပေးလာပါက ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အဆိုပါ ကာလကျော်လွန်ပြီးချိန်တွင် တရားမဝင် ဓာတ်အားသုံးစွဲမှုများကို Control Center များမှ စစ်ဆေးတွေ့ရှိရပါက ပြဋ္ဌာန်းထားသည့် လျှပ်စစ်ဥပဒေများနှင့်အညီ ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ မီတာအသုံးပြုခွင့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းများ ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်တွင် ထုတ်ပြန်ထားပါတယ်။
Photo- MOI






