[latest_news_marquee]

တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်စွမ်းအင်မူဝါဒအပေါ် နိုင်ငံတကာမီဒီယာများ၏ သုံးသပ်ချက်

မကြာသေးမီက နိုင်ငံတကာမီဒီယာအချို့တွင် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်စွမ်းအင်မူဝါဒအပေါ်သုံးသပ်ချက်များကို ဖော်ပြခဲ့ပါသည်။

အမေရိကန်အခြေစိုက်The Wall Street Journal က တရုတ်နိုင်ငံသည်ရေနံတင်သွင်းမှုကို လျှော့ချခြင်းဖြင့်ကမ္ဘာ့စီးပွားရေးကို ထောက်ကူပေးနေသည်ဟု ဖော်ပြခဲ့ပြီး ပြင်သစ်အခြေစိုက်မီဒီယာ Le Figaro ကမူ တရုတ်နိုင်ငံသည် စီးပွားရေးဖွဲ့စည်းပုံကြံ့ခိုင်မှု (Structural Resilience)၊စက်မှုကဏ္ဍအဆင့်မြှင့်တင်မှု၊စိမ်းလန်းသော အသွင်ကူးပြောင်းမှုနှင့်တည်ငြိမ်သောမူဝါဒထိန်းညှိမှုတို့ဖြင့် လှုပ်ခတ်နေသော ကမ္ဘာ့စီးပွားရေးဗဟိုချက်ကို တည်ငြိမ်အောင်ထောက်ကူပေးလျက်ရှိကြောင်း သုံးသပ်ထားပါသည်။

အဆိုပါမီဒီယာများ၏ အဆိုအရ ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကာလကလည်း တရုတ်နိုင်ငံသည်စီးပွားရေးလှုံ့ဆော်မှုဆိုင်ရာမူဝါဒများစွာကို ချမှတ်အကောင်အထည်ဖော်ခဲ့ပြီး ပြည်တွင်းဝယ်လိုအားကို ထိရောက်စွာမြှင့်တင်ပေးခဲ့ကာ ကမ္ဘာ့ဝယ်လိုအားကိုပါ ထောက်ကူပေးနိုင်ခဲ့သည်ဟုဆိုပါသည်။

ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးနောက် ကမ္ဘာကြီးသည်စီးပွားရေးလမ်းဆုံလမ်းခွသို့ တစ်ကျော့ပြန်ရောက်ရှိလာပြန်ပါသည်။လွန်ခဲ့သောနှစ်များက အကျပ်အတည်းသည် “ဝယ်လိုအားပြိုလဲခြင်း” ဖြစ်ပါက ယခုတစ်ကြိမ်အကျပ်အတည်းမှာမူ “ကုန်ပစ္စည်းထောက်ပံ့မှုကွင်းဆက်ပြတ်တောက်သွားခြင်း” ကြောင့်ဖြစ်ပါသည်။

ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် နေ့စဉ်ရေနံစိမ်းနှင့်ရေနံထွက်ပစ္စည်းစည်ပေါင်း သန်း ၂၀ ခန့် ဖြတ်သန်းသယ်ယူနေရပြီး ၎င်းသည် တစ်ကမ္ဘာလုံးရေနံသယ်ယူပို့ဆောင်ရေးပမာဏ၏ ငါးပုံတစ်ပုံခန့်ရှိပါသည်။ဤစွမ်းအင်လမ်းကြောင်းပိတ်ဆို့သွားသည်နှင့်ကမ္ဘာ့စီးပွားရေးမှာ ချက်ချင်းပင် အသက်ရှူကျပ်သွားကာ အပြည်ပြည်ဆိုင်ရာရေနံဈေးနှုန်းများအဆမတန်မြင့်တက်ပြီး ငွေကြေးဖောင်းပွမှုဖိအားများအရှိန်အဟုန်မြင့်လာခဲ့သလို စက္ကူအိတ်၊ပလတ်စတစ်အိတ်လေးများပင် ဈေးနှုန်းလိုက်တက်လာသည်အထိ ဖြစ်ခဲ့ရပါသည်။

စွမ်းအင်ဈေးနှုန်းမြင့်တက်ခြင်းနှင့်စီးပွားရေးဖိအားဒဏ်ကို ရင်ဆိုင်ရစဉ် မေလတွင် တရုတ်နိုင်ငံ၏ ရေနံစိမ်းတင်သွင်းမှုပမာဏသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ရာ အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် အခြားနိုင်ငံများအတွက် စွမ်းအင်ထောက်ပံ့မှုဆိုင်ရာအခွင့်အလမ်းများဖန်တီးပေးခဲ့သလို ဖြစ်စေခဲ့ပါသည်။

တရုတ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) မက်ခရိုစီးပွားရေးသုတေသနအဖွဲ့မှသုတေသီ Liu Zhichengကတရုတ်နိုင်ငံသည် ယခု အကျပ်အတည်းကို ရင်ဆိုင်ရာတွင် ထောက်ပံ့မှုသေချာစေရေးနှင့်ဈေးနှုန်းတည်ငြိမ်စေရေးမူဝါဒများကို ကျင့်သုံးခဲ့ပြီး ကမ္ဘာ့ရေနံစိမ်းထောက်ပံ့မှုဆိုင်ရာစိုးရိမ်မှုများကို ထိရောက်စွာရှောင်ရှားနိုင်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတုံ့ဆိုင်းမှုနှင့်ငွေကြေးဖောင်းပွမည့်အန္တရာယ်ကို လျှော့ချပေးနိုင်ခဲ့ကြောင်း၊ ပြည့်စုံကောင်းမွန်သောစွမ်းအင်ထောက်ပံ့မှုစနစ်နှင့်မဟာဗျူဟာမြောက်ရေနံသိုလှောင်မှုစွမ်းရည်ကိုအခြေခံ၍ တရုတ်နိုင်ငံသည် စနစ်တကျနှင့်ကျိုးကြောင်းဆီလျော်စွာဝယ်ယူမှုကို ဆက်လက်ထိန်းသိမ်းခဲ့ကြောင်းနှင့် စျေးကွက်လှုံ့ဆော်မှုများနောက်မလိုက်ပါဘဲ ရေနံကို အလောတကြီး အလုအယက်သိုလှောင်ခြင်းမျိုး မလုပ်ခဲ့သည့်အပြင် ကုန်ချောရေနံဈေးနှုန်းများကိုပါ ထိန်းညှိပေးခဲ့သဖြင့် ကမ္ဘာ့စွမ်းအင်လုံခြုံရေးနှင့်ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်တည်ငြိမ်မှုတို့ကို ထိရောက်စွာကာကွယ်ပေးနိုင်ခဲ့ကြောင်း သုံးသပ်ထားပါသည်။

တရုတ်နိုင်ငံသည် ရေနံပြတ်လပ်မှုနှင့်ဈေးနှုန်းအဆမတန်မြင့်တက်မှုတို့ကြောင့် စက်မှုကဏ္ဍများအပေါ်ကွင်းဆက်သက်ရောက်မှုမဖြစ်စေရန် ထိရောက်စွာတားဆီးပေးခဲ့ကြောင်း၊ စက်မှုလုပ်ငန်းများတည်ငြိမ်စွာ လည်ပတ်နိုင်ရေးအောက်ခြေစည်းကို ကာကွယ်ပေးခဲ့ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်၏အစမှအဆုံးအထိ ကွင်းဆက်တစ်ခုလုံးမှာပြတ်တောက်မသွားစေဘဲ ချောမွေ့စေခဲ့ကြောင်းနှင့် ၎င်းသည် ပထဝီနိုင်ငံရေးပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုနှင့်မတည်ငြိမ်မှုအန္တရာယ်များကို သက်သာစေကာ ကမ္ဘာ့စက်မှုစနစ်တစ်ခုလုံး အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရေးကို ထိန်းသိမ်းပေးခဲ့ကြောင်းလည်း ၎င်းက ဆက်လက်သုံးသပ်ထားပါသည်။

အချို့ကမေးနိုင်သည်မှာ “တရုတ်နိုင်ငံသည် အဘယ်ကြောင့် ရေနံကို အလုအယက်မဝယ်ယူခဲ့သနည်း? တရုတ်နိုင်ငံသည် ပြည်ပရေနံအပေါ်မှီခိုမှုမြင့်မားသော်လည်း ယခုတစ်ကြိမ်တွင် အဘယ်ကြောင့်သက်ရောက်မှုအကန့်အသတ်သာရှိခဲ့သနည်း?” ဟူ၍ဖြစ်ပါသည်။

အဓိကအားကိုးချက်တစ်ခုမှာ တရုတ်နိုင်ငံတွင်ကြီးမားလှသောမဟာဗျူဟာမြောက်ရေနံသိုလှောင်မှု (Strategic Petroleum Reserves) ရှိနေခြင်းကြောင့်ဖြစ်ပြီး ၎င်းသည် အကျပ်အတည်းကာလ၌သွင်းကုန်ကိုလျှော့ချရန်နှင့်ဈေးနှုန်းကို တည်ငြိမ်အောင်ထိန်းညှိရန်လုံလောက်သော စီမံခန့်ခွဲနိုင်မှုအခွင့်အလမ်းကို ပေးစွမ်းနိုင်ခဲ့ပါသည်။

သို့သော် ပိုမိုနက်ရှိုင်းစွာကြည့်ရလျှင် အမေရိကန်စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Asia Group ၏ထောက်ပြချက်အရ အခြေခံအကျဆုံးအထောက်အပံ့မှာ တရုတ်နိုင်ငံ၏စွမ်းအင်စနစ်ကိုယ်တိုင်က ပြောင်းလဲလာခြင်းကြောင့်ဖြစ်ပါသည်။ဟော်မုဇ်ရေလက်ကြားပိတ်ဆို့သွားသည့်တိုင် တရုတ်နိုင်ငံသည် သန့်ရှင်းသောစွမ်းအင် (Clean Energy) နှင့်မူဝါဒဆိုင်ရာယန္တရားများကြောင့် သက်ရောက်မှုအကန့်အသတ်သာရှိခဲ့ပါသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသည်စွမ်းအင်ဖွဲ့စည်းပုံကို တက်ကြွစွာပြုပြင်ပြောင်းလဲခဲ့ပြီးဆိုလာစွမ်းအင်၊လေစွမ်းအင်၊ရေအားလျှပ်စစ် စသည့် သန့်ရှင်းသောစွမ်းအင်များကို အင်တိုက်အားတိုက်ဖွံ့ဖြိုးတိုးတက်စေခဲ့ကာ မိရိုးဖလာရေနံအပေါ်မှီခိုနေရမှုကို တဖြည်းဖြည်းလျှော့ချခဲ့ပါသည်။

ထိုသို့အဆင့်ဆင့်ချမှတ်အကောင်အထည်ဖော်မှုများသည် ပြည်တွင်းအနေဖြင့်မူစွမ်းအင်ဆိုင်ရာပြည်ပမှီခိုမှုကို လျှော့ချခြင်း၊ဖွံ့ဖြိုးတိုးတက်မှုအခြေခံကို ခိုင်မာစေခြင်းနှင့်စက်မှုကဏ္ဍကို အဆင့်မြှင့်တင်ခြင်းတို့ကို ဖော်ဆောင်နိုင်ခဲ့ပြီး ပြည်ပအနေဖြင့်မူ ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုနှင့်ဝယ်လိုအားတင်းမာမှုကို သက်သာစေကာ အပြည်ပြည်ဆိုင်ရာရေနံဈေးနှုန်းများအပြင်းအထန်အတက်အကျဖြစ်မှုကို တည်ငြိမ်စေပြီး နိုင်ငံအသီးသီး၏ငွေကြေးဖောင်းပွမှုဖိအားများကိုသက်သာစေရန်အခွင့်အလမ်းများဖန်တီးပေးနိုင်ခဲ့သည်ဟု ဆိုပါသည်။

သတင်းအရင်းအမြစ် : San Li He


Your Ad Here
Ad Size: 336x280 px

More News