တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(Ministry of Commerce – MOFCOM)၏ အစီအစဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ဖွင့်လှစ်ခဲ့သောသင်တန်း၊ ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် သင်တန်းသားများတွေ့ဆုံပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျား၊ တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရပါတယ်။
အဆိုပါ အခမ်းအနားကို တရုတ်-မြန်မာ နှစ်နိုင်ငံအကြား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၏ ရလဒ်များကို ပြန်လည်သုံးသပ်ရန်၊ သင်တန်းသားများအကြား အတွေ့အကြုံဖလှယ်နိုင်မည့် ပလက်ဖောင်းတစ်ခု တည်ဆောက်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး နယ်ပယ်များတွင် နှစ်နိုင်ငံအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခမ်းအနား၌ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး က နှစ်နိုင်ငံအတွေ့အကြုံများဖလှယ်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးတက်လာကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ကဏ္ဍဖြစ်သည့်အတွက် တက်ရောက်ခဲ့သော သင်တန်းသားများအနေဖြင့် သင်ယူလေ့လာရရှိခဲ့သော အတွေ့အကြုံ ဗဟုသုတများကို မိမိတို့လုပ်ငန်းနယ်ပယ်တွင် လက်တွေ့ကျကျပြန်လည်အသုံးချခြင်းဖြင့် နိုင်ငံ့အကျိုးအတွက် သယ်ပိုး ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ကြောင်း သိရပါတယ်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားက တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန(Ministry of Commerce – MOFCOM)၏အစီအစဉ်ဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံ့ဝန်ထမ်းများအတွက် ပေးအပ်လျက်ရှိသော သင်တန်းများ၊ ဆွေးနွေးပွဲများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-မြန်မာ ဆက်ဆံရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သကဲ့သို့ နှစ်နိုင်ငံခေါင်းဆောင်များကလည်း အထူးအလေးထားသည့် ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်တစ်ခုဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၆ ခုနှစ်အထိ မြန်မာနိုင်ငံအတွက် သင်တန်းအစီအစဉ် စုစုပေါင်း ၁,၆၇၂ ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး လူ့စွမ်းအားအရင်းအမြစ် ၈,၈၅၂ ဦးကို လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
ယင်းတို့အနက် နိုင်ငံစုံပါဝင်သည့် သင်တန်းအစီအစဉ် ၁,၅၄၆ ကြိမ်တွင် သင်တန်းသား ၅,၉၉၅ ဦး ပါဝင်တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံသီးသန့် သင်တန်းအစီအစဉ် ၁၂၆ ကြိမ်တွင် သင်တန်းသား ၂,၈၅၇ ဦး တက်ရောက်ခဲ့ကြသလို ယခုနှစ်အတွင်းမှာပင် သင်တန်းအစီအစဉ် ၁၂၅ ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား ၈၃၁ ဦးကို လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
သင်တန်းနယ်ပယ်များမှာ ရိုးရာစိုက်ပျိုးရေး၊ သစ်တောရေးရာ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုအားကစားနယ်ပယ်များမှသည် ဒစ်ဂျစ်တယ်စီးပွားရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ စမတ်အကောက်ခွန်စနစ်နှင့် ပြည်သူ့အုပ်ချုပ်ရေးကဲ့သို့သော ခေတ်မီနယ်ပယ်များအထိ တိုးချဲ့လာခဲ့ကြောင်းလည်း သိရပါတယ်။
Photo – MFN






