မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးရွာမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ တောင်ပြုံးပွဲတော်ကို လာမယ့် ဩဂုတ် ၂၁ ရက်ကစပြီး ၈ ရက်ကြာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ ပွဲတော်ကျင်းပရေး ကော်မတီကနေ သိရပါတယ်။
တောင်ပြုံးကြီးရွာရှိ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်းဝင် တောင်ပြုံး ဆုတောင်းပြည့်-ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီး လောင်းလှူပွဲနဲ့ တောင်ပြုံး အရှင်နှစ်ပါး ပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လဆန်း (၈) ရက်မှ (၁၅) ရက် (ဩဂုတ် ၂၁ ရက်မှ ၂၈ ရက်) အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။
ထို့ကြောင့် ဘုရားဖူးလာကြမည့် တိုင်းရင်းသားပြည်သူများ၊ ရိုးရာဓလေ့ ကိုးကွယ်သူများ၊ လာရောက်ရောင်းချကြမည့် ဈေးသူ/ဈေးသားများကိုလည်း ဖိတ်ခေါ်ထားပြီး နယ်မြေဒေသအခြေအနေမှာလည်း အေးချမ်းတည် ငြိမ်လျက်ရှိကြောင်းကိုလည်း ပွဲတော်ကျင်းပရေးကော်မတီမှ အသိပေးကြေညာထားပါတယ်။
အဆိုပါ တောင်ပြုံးပွဲတော်တွင် တောင်ပြုံးမင်းနှစ်ပါးရဲ့ နန်းထိန်းမိသားစု ရိုးရာပူဇော်ကန်တော့သည့် ပွဲကန်တော့ခြင်းနှင့် ညီလာခံအခမ်းအနား ကျင်းပခြင်း၊ ချိုးရေတော်သုံးခြင်း၊ ရိုးရာကန်တော့ပွဲထိုး ပန်းဆက်သခြင်း၊ ရိုးရာထပ်ပွဲ/ တစ်ဝက်ပွဲများ ဆက်သခြင်း၊ ရိုးရာထန်းရည်ခါးနှင့် ယုန်ကင်နှစ်ကောင် ဆက်သခြင်း (ယုန်ကျင်းခြင်း)၊ ရိုးရာထိန်ပင်ခုတ်ခြင်းနှင့် ပခန်းဦးမင်းကျော် ပြန်ပို့ခြင်းတို့ကို ကျင်းပသွားမှာဖြစ်သလို တောင်ပြုံးမင်းနှစ်ပါး၏ ပုံတော်နှင့် အဆောင်အယောင်များ ရွှေချခြင်း(ရွှေဘုံဆင်းခြင်း)စတဲ့ အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပလေ့ရှိကြောင်း သိရပါတယ်။
Photo – Internet






