ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်တင်ပို့ခွင့်ကာလ ပြီးဆုံးသွားသော်လည်း ပြောင်းဈေးဟာ အမြင့်ဈေး၌ ငြိမ်နေကြောင်း ပြောင်းကုန်သည်များထံမှ သိရပါတယ်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့ပြောင်းတင်ပို့ခွင့်ကို နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ပြုထားရာက လက်ရှိအချိန်ဟာ တင်ပို့ခွင့်ပြီးသွားပြီဖြစ်သော်လည်း စက်တင်ဘာလ နောက်ဆုံးပတ်တွင် ပြောင်းဈေးကွက်ဟာ အမြင့်ဈေးဖြင့်ငြိမ်နေတယ်လို့ ကုန်သည်အသိုင်းအဝိုင်းက ဆိုထားကြပါတယ်။
လက်ရှိ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်ဈေးအနေဖြင့် ပြောင်းတစ်ပိဿာလျှင် ၁၄၈၀ ကျပ်၊ ၁၇၈၀ ကျပ်နှင့် ၁၈၀၀ ကျပ်ဝန်းကျင်အထိ အမြင့်ပိုင်းတွင် ဈေးငြိမ်နေတာဖြစ်ကြောင်း ပြောင်းကုန်သည်တစ်ဦးက ပြောပါတယ်။
“သြဂုတ်လ နောက်ဆုံးပတ်ကတည်းက တက်သွားတဲ့ပြောင်းဈေးက အခုထိ ငြိမ်နေတယ်။ ထိုင်းနိုင်ငံက အခွန်ကင်းလွတ်ခွင့် ပိတ်လိုက်ပေမယ့် ဈေးက အရင်နှစ်တွေလို ကျသွားတာမရှိသေးဘူး။ စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိပါတယ်” လို့ ၎င်းက ပြောပါတယ်။
ပြောင်းကုန်သည်အချို့အနေဖြင့်လည်း ထိုင်းနိုင်ငံသို့တင်ပို့ခွင့် မပိတ်ခင်ကတည်း အခြားနိုင်ငံများသို့ တင်ပို့နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားခြင်းများရှိသည့်အတွက် ဈေးကွက်မှာ ထင်သလောက် ချက်ချင်းကြီး ဈေးနှုန်းများ ကျမသွားရခြင်းဖြစ်ကြောင်းလည်း ပြောင်းစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
Photo – Internet






