[latest_news_marquee]

ထောင်စုနှစ်များစွာ ကြာမြင့်ခဲ့သော အိမ်မက်မှ စမတ်နည်းပညာသုံး ရေကြောင်းအမြန်လမ်းမကြီးဆီသို့ – Pinglu တူးမြောင်း စီမံကိန်း

Pinglu တူးမြောင်း သည် တရုတ်နိုင်ငံ အနောက်ပိုင်းရှိ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်လမ်း ကုန်သွယ်ရေးစင်္ကြံသစ် (New International Land-Sea Trade Corridor) ၏ ပင်မစီမံကိန်းကြီး တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ မွမ်းမံမြှင့်တင်ရာတွင် အထင်ကရ စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။

အဆိုပါ တူးမြောင်းဟာ အလျား ၁၃၄ ဒသမ ၂ ကီလိုမီတာ ရှည်လျားပြီး ရှီးကျန်းမြစ်စနစ် (Xijiang River system) နှင့် ချင်းကျန်းမြစ်စနစ် (Qinjiang River system) တို့ကို ချိတ်ဆက်၍ Beibu ပင်လယ်ကွေ့သို့ တိုက်ရိုက် စီးဝင်မည့် ပင်လယ်ထွက် အဓိက ရေကြောင်းလမ်းမကြီးဖြစ်သဖြင့် မြစ်-ပင်လယ် ချိတ်ဆက် သယ်ယူပို့ဆောင်ရေးကို ဆောင်ရွက်နိုင်စေကာ ကမ်းရိုးတန်းနှင့် ပြည်တွင်း ဖွံ့ဖြိုးတိုးတက်မှုကို ပေါင်းစပ်ညှိနှိုင်းပေးမှာ ဖြစ်ပါတယ်။

Pinglu တူးမြောင်းဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက်ပိုင်း ပြည်တွင်း ရေကြောင်းလမ်းများကို ပင်လယ်သို့ ချိတ်ဆက်ရန် တည်ဆောက်ခဲ့တဲ့ ပထမဆုံး တူးမြောင်းဖြစ်ကာ စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ်မှာ ယွမ် ၇၂ ဒသမ ၇ ဘီလီယံနီးပါးရှိပြီး ယခုတွင် တည်ဆောက်ရေးလုပ်ငန်းနှင့် စမ်းသပ် အသုံးပြုမှုကာလ၏ လုပ်ငန်းစဉ်များ အောင်မြင်ပြီးမြောက်ပြီဖြစ်သဖြင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် သင်္ဘောများ သွားလာနိုင်ရန် စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

Pinglu တူးမြောင်း စတင်လည်ပတ်ပါက ကွမ်ရှီးနှင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဒေသများမှ အာဆီယံဒေသသို့ သွားရောက်နိုင်မည့် အတိုဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံးနှင့် အဆင်ပြေဆုံး ရေလမ်းကြောင်းကို တိုက်ရိုက်ဖန်တီးပေးနိုင်မည်ဖြစ်ကာ ကွမ်ကျိုးဆိပ်ကမ်းမှတစ်ဆင့် ပို့ဆောင်သည့် ရေကြောင်းလမ်းနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းရေလမ်းအကွာအဝေးကို ကီလိုမီတာ ၅၆၀ ခန့် လျှော့ချပေးနိုင်မည်ဖြစ်သည့်အပြင် စုစုပေါင်းကုန်စည်ပို့ဆောင်ရေးစရိတ်၏ ၂၀ ရာခိုင်နှုန်းခန့်ကို သက်သာစေမှာဖြစ်ပါတယ်။

စီမံကိန်း၏ အဓိက ရည်ရွယ်ချက်မှာ ရေကြောင်းသယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ပြီး ရေပေးဝေရေး၊ စိုက်ပျိုးရေရရှိရေး၊ ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် ရေထုဂေဟစနစ် ပြုပြင်မွမ်းမံရေး စသည့် အကျိုးကျေးဇူးများလည်း ရရှိမှာဖြစ်ပါတယ်။

တူးမြောင်းတစ်လျှောက်လုံးကို အဆင့် ၁ ပြည်တွင်းရေကြောင်းသွားလာရေး စံနှုန်း (Class I inland waterway standard) နှင့်အညီ ဒီဇိုင်းထုတ်ထားပြီး စတင် တည်ဆောက်ချိန်မှစ၍ ရေမျက်နှာပြင် အနိမ့်အမြင့် ကွာခြားချက် ၂၉ ဒသမ ၆ မီတာအထိ ရှိခြင်း၊ တစ်စက္ကန့်လျှင် ၂၄ ကုဗမီတာနှုန်း ရေလွှဲပြောင်းပေးရခြင်းနှင့် တန် ၅,၀၀၀ ဆံ့ သင်္ဘောများ ဖြတ်သန်းနိုင်သည့် ကမ္ဘာ့အကြီးဆုံး ပြည်တွင်း ရေကြောင်း ရေထိန်းတံခါးများကို တည်ဆောက်ရခြင်း စသည့် ကြီးမားသည့် စိန်ခေါ်မှုများကို ကျော်ဖြတ်ခဲ့ရပါတယ်။

အဓိက တည်ဆောက်ရေး လုပ်ငန်းများတွင် ရေကြောင်း အင်ဂျင်နီယာလုပ်ငန်းများ၊ ရေကြောင်းထိန်း အချက်အချာစခန်းများ၊ ရေအရင်းအမြစ် ထိန်းသိမ်းရေးဆိုင်ရာ အဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း၊ မြစ်ဖြတ်ကူး အဆောက်အအုံများနှင့် အခြား အရန်အထောက်အကူပြု အဆောက်အအုံများ ပါဝင်ပါတယ်။

ယင်းတူးမြောင်း၏ နည်းပညာဆိုင်ရာ အဓိက အားသာချက် ၃ ချက်မှာ “လျင်မြန်ခြင်း၊ အရင်းအမြစ် ခြိုးခြံခြင်းနှင့် စမတ်နည်းပညာသုံးခြင်း” (Fast, Resource-Saving, and Smart) တို့ ဖြစ်ပါတယ်။

Pinglu တူးမြောင်း၏ Madao Hub၊ Qishi Hub၊ Qingnian Hub တို့သည် ရေထုထိန်းသိမ်းခြင်းနှင့် ရေအောက် မြေမျက်နှာပြင် မတူညီမှုကို ထိရောက်စွာ ထိန်းညှိပေးသော သော့ချက် သုံးထပ်ဆင့် ရေချွေတာရေး ရေကန်များ (Superposed three-tier water-saving basins) များဖြစ်ပါတယ်။

ရေကန်များ၏ ရေထိန်းတံခါးများသည် တန် ၅,၀၀၀ ရေယာဉ်များအတွက် ဒီဇိုင်းထုတ်ထားသည့် ကမ္ဘာ့အကြီးဆုံး ပြည်တွင်းရေကြောင်း ရေထိန်းတံခါးများဖြစ်ပြီး ရေထိန်းတံခါးကြီးများကို ၁ မိနစ်အတွင်း ဖွင့်လှစ်နိုင်ကာ စက္ကန့် ၃၀ အတွင်း ပိတ်နိုင်သဖြင့် ကမ္ဘာ့ပြည်တွင်း ရေကြောင်း ရေထိန်းတံခါးများတွင် အမြန်ဆုံး ရေထိန်းတံခါး မောင်းနှင်မှု နှုန်းထားဖြစ်ပါတယ်။ 

အရင်းအမြစ် ခြိုးခြံရာမှာလည်း တူးမြောင်းသည် ရေထုအကန့်အသတ်နဲ့ ရေကြောင်းသွားလာရေးအတွက် လုံလောက်သော ရေပမာဏ ရရှိစေရန် ရေချွေတာရေး ရေထိန်းတံခါးများကို အာကာသယာဉ် တည်ဆောက်ရာတွင် အသုံးပြုသော ဝန်ပေါ့ပါးစေသည့် ဒီဇိုင်းများဖြင့် တည်ဆောက်တပ်ဆင်၍ တံခါးများကို မြန်မြန်ဆန်ဆန် မောင်းနှင်စေခြင်း ဖြစ်ပါတယ်။

တူးမြောင်း၏ အချက်အချာ စခန်း ၃ ခု စလုံး စုပေါင်း၍ တစ်နှစ်လျှင် ရေကုဗမီတာ ၁ ဘီလီယံကျော်ကို ချွေတာနိုင်မှာ ဖြစ်ပါတယ်။

ထို့အပြင် တူးဖော်မှု၊ တောင်စောင်း တည်ငြိမ်မှု၊ ကွန်ကရစ် လောင်းခြင်းတို့ကို စိစစ်မှုများနှင့် စက်ပစ္စည်းများကို စမ်းသပ်မောင်းနှင်မှုများ အတွက် ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြု၍ စနစ်တကျ ထိန်းချုပ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာဆွန်ယက်ဆင်၏ “တရုတ်နိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး” စာအုပ်တွင် စတင်အဆိုပြုခဲ့သည့် မျှော်မှန်းချက်မှသည် ချင်မင်းဆက်လက်ထက် Lingqu တူးမြောင်း နောက်ပိုင်း ကွမ်ရှီး၏ နောက်ဆုံးပေါ် “ရာစုနှစ် စီမံကိန်း” အထိ အထက်ပါ နည်းပညာဆိုင်ရာ အဓိက အားသာချက်များဟာ မြစ်ကြောင်းများကို ပင်လယ်နှင့် ချိတ်ဆက်လိုသည့် ကွမ်ရှီး၏ ထောင်စုနှစ်များစွာ ကြာမြင့်ခဲ့သော ကြိုးပမ်းမှုကို အကောင်အထည် ဖော်ပေးခဲ့ပါတယ်။

အနာဂတ်တွင် Pinglu တူးမြောင်းသည် အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်လမ်း ကုန်သွယ်ရေးစင်္ကြံသစ် တစ်လျှောက်ရှိ အရင်းအမြစ် အားသာချက်များကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အင်အားများအဖြစ် ပြောင်းလဲခြင်းကို အရှိန်အဟုန်မြှင့်တင်ပေးမည်ဖြစ်ပြီး အာဆီယံဒေသ၊ Beibu ပင်လယ်ကွေ့ စီးပွားရေးဇုန်၊ ချန်ဒူး-ချုံချင့် စီးပွားရေးဇုန်နှင့် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ ဒေသကြီးတို့ကို ချိတ်ဆက်ပေးသည့် နယ်စပ်ဖြတ်ကျော်နှင့် ဒေသဖြတ်ကျော် စက်မှုကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များ တည်ဆောက်မှုကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။


Photo – CNS

Your Ad Here
Ad Size: 336x280 px

More News