ဒီဇယ်ဆီ၊ သဘာဝဓာတ်ငွေ့ရည်နှင့် ဓာတ်မြေဩဇာ တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ကာလကို ယခု ဇူလိုင် ၃၁ ရက်နေ့အထိ ထပ်မံ တိုးမြှင့် ခွင့်ပြုမယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် မူလက ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်နေ့မှ ဇွန် ၃၀ ရက်နေ့အထိ အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီး ယခုတွင် အဆိုပါ အခွန်ကင်းလွတ်ခွင့်ကာလကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ထပ်မံ၍ တိုးမြှင့်ခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။
ယင်း အခွန်ကင်းလွတ်ခွင့်ဟာ ဇူလိုင် ၃၁ ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဒီဇယ်ဆီ HSD (500 ppm) အပေါ် အကျုံးဝင်စေမယ်လို့လည်း သိရပါတယ်။
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီစျေးနှုန်းများ မြင့်တက်နေခြင်းကြောင့် စက်သုံးဆီ (ဒီဇယ်ဆီ) အသုံးပြုမောင်းနှင်ရသည့် မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင် အသုံးပြုလျက်ရှိသည့် အခြေခံစားသောက်ကုန်၊ ကုန်စည်စျေးနှုန်းများကို ထိန်းညှိပေးရန် လိုအပ်လျက်ရှိသည့်အတွက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) တို့ကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့မှ ဇွန် ၃၀ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုသွားမယ်လို့ နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာ ထားခဲ့တာဖြစ်ပါတယ်။
ထို့အတူ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီစျေးနှုန်း မြင့်တက်နေချိန်တွင် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) စျေးနှုန်းများလည်း မြင့်တက်လျက်ရှိရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အားပေးမြှင့်တင်နိုင်ရန်နှင့် ဓာတ်အားခစျေးနှုန်းများ သက်သာစေနိုင်ရန်တို့အတွက် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကို ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့မှ ဇွန် ၃၀ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုခဲ့ပြီး ယင်းကင်းလွတ်ခွင့်ကို ဇူလိုင် ၁ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ထပ်မံ၍ တိုးမြှင့်ခွင့်ပြုပေးသွားမှာဖြစ်ပြီး အဆိုပါ ကင်းလွတ်ခွင့်ဟာ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် သဘာဝဓာတ်ငွေ့ရည်အပေါ် အကျုံးဝင်စေမယ်လို့ လည်း သိရပါတယ်။
ထို့အတူ ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန်(၂ ရာခိုင်နှုန်း) ကိုလည်း ပြီးခဲ့သည့် ဧပြီ ၁ ရက် မှ ဇွန်လ(၃၀)ရက်အထိ ကင်းလွတ်ခွင့်ပြုခဲ့ပြီး ယင်းသို့အခွန်ကင်းလွတ်ခွင့်ကို လာမည့် ဇူလိုင် (၃၁)ရက်နေ့အထိ ထပ်မံ တိုးမြှင့်ခွင့်ပြုသွားမယ်လို့လည်း သိရပါတယ်။
Photos- MOI






