[latest_news_marquee]

ဒီဇယ်ဆီ HSD (500ppm) နှင့် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့် ဩဂုတ်လအထိ ထပ်မံ တိုးမြှင့်ခွင့်ပြု 

ဒီဇယ်ဆီ HSD(500ppm)အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်၊ သဘာဝဓာတ်ငွေ့ ရည် (Liquefied Natural Gas)အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့ကို ၂၀၂၆ ခုနှစ် ဇွန် ၊ ဇူလိုင် နှင့် ဩဂုတ်လတို့အတွက် ၃ လ ထပ်မံ၍ တိုးမြှင့်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမှုကို လွှတ်တော်မှ ခွင့်ပြုလိုက်ပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်လို့ ဇူလိုင် ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ တတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ဒုတိယပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့၌ ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၃၇ နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်မှ စက်ခလုတ်အသုံးပြုအဆုံးအဖြတ်ရယူခဲ့ရာ ထောက်ခံမဲ ၅၂၃ မဲ၊  ကန့်ကွက်မဲ ၃ မဲနှင့် ကြားနေမဲ ၂ မဲတို့ဖြင့် ထောက်ခံဆန္ဒမဲများသဖြင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်ပါတယ်။

နိုင်ငံတော်က ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ဒီဇယ်ဆီ HSD(500 ppm)အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုခဲ့သည့် ပမာဏမှာ ငွေကျပ် ၈၄ ဘီလီယံခန့် ဖြစ်ပြီး ၂၀၂၆ ခုနှစ် မေ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ သဘာဝဓာတ်ငွေ့ရည်(LNG)အပေါ် ကုန်သွယ်လုပ်ငန်းခွန်   ကင်းလွတ်ခွင့်ပြုခဲ့သည့် ပမာဏမှာ ငွေကျပ် ၅ ဘီလီယံခန့်ဖြစ်သဖြင့် စုစုပေါင်းခွင့်ပြုခဲ့သည့် ပမာဏမှာ ငွေကျပ် ၈၉ ဘီလီယံခန့် ရှိခဲ့ပြီး ထိုကဲ့သို့ အခွန်ကင်းလွတ်ခွင့်ပြုခဲ့သည့်အတွက် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်း များနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍတို့ အတွက် လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ရည် အတွက် ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ခဲ့သလို အခြေခံ စားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုနှင့် လျော့ကျမှုရှိစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိတယ်လို့လည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။

စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အဓိက အများဆုံး အသုံးပြုရသည့် ဒီဇယ်ဆီ HSD(500ppm)အပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ဧပြီ ၁ ရက်မှစတင်၍လည်းကောင်း၊ သဘာဝဓာတ်ငွေ့ရည်(LNG)အပေါ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်ကို မေ ၁ ရက်မှ စတင်၍လည်းကောင်း ကင်းလွတ်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ကင်းလွတ်ခွင့် ပြုလျက်ရှိတယ်လို့လည်း ဝန်ကြီးဌာနမှ သိရပါတယ်။

အခွန်ကင်းလွတ်ခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်သို့ ယခင် အကြိမ် အဆိုတင်သွင်းစဉ်က လွှတ်တော် ကိုယ်စားလှယ်များ ထောက်ပြဆွေးနွေးခဲ့သည့် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပြီးမှ ကင်းလွတ် ခွင့်ပြုသင့်ကြောင်း ဆွေးနွေးချက်ကို အလေးထားသောအားဖြင့် ရုံးလုပ်ထုံးလုပ်နည်းများ ပြန်လည်စိစစ်၍ ဩဂုတ်လအတွက် အခွန်ကင်းလွတ်ခွင့်ပြုရာတွင် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပြီးမှ နိုင်ငံပိုင်သတင်း စာများမှ တစ်ဆင့် အများပြည်သူသို့ အသိပေးကြေညာချက်ထုတ်ပြန်ခြင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့က အမိန့် ကြော်ငြာစာထုတ်ပြန်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်မယ်လို့လည်း  ဒုတိယဝန်ကြီးက လွှတ်တော်၌ ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။

လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသပဋိပက္ခ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ပြည်သူလူထု၏ နေ့စဉ်လူနေမှုဘဝ များ အဆင်ပြေချောမွေ့ရေးနှင့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်း တည်ငြိမ်မှုရှိရေး ဆက်လက်ထိန်းညှိ ပေးရန် လိုအပ်သည့်အတွက် ဒီဇယ်ဆီ HSD(500ppm)နှင့် သဘာဝဓာတ်ငွေ့ရည်အပေါ် အခွန်ကင်းလွတ်ခွင့်များကို ဇွန်၊ ဇူလိုင် နှင့် ဩဂုတ်လတို့အတွက် ထပ်မံတိုးမြှင့် ကင်းလွတ်ခွင့်ပြုပေးနိုင်ရန် တင်ပြရခြင်းဖြစ်ပြီး အခွန်ကင်းလွတ်ခွင့်ပြုရာတွင်လည်း ဘဏ္ဍာရေးတည်ငြိမ်မှုရှိစေရန်နှင့် အခွန်ဘဏ္ဍာငွေရရှိမှုအပေါ် သက်ရောက်မှု လျော့နည်းစေရန်အတွက် ပြည်သူလူထုအတွက် အရေးပေါ်ပံ့ပိုးဆောင်ရွက်ရန် လိုအပ်သည့်ကာလအတွက်သာ  ခွင့်ပြုနိုင်ရေး စိစစ်သုံးသပ်၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ အခြေခံပြည်သူလူထုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိသည့်  ဒီဇယ်ဆီ  HSD(500ppm)နှင့်သဘာဝဓာတ်ငွေ့ ရည်တို့ အပေါ်တွင်သာ အခွန်ကင်းလွတ်ခွင့်ပြုနေခြင်းဖြစ်တယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က လွှတ်တော်သို့ ရှင်းလင်းခဲ့ပါတယ်။

ထို့အတူနိုင်ငံတော်အစိုးရအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခအခြေအနေ၊ ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းအတက်အကျအခြေအနေ၊ ပြည်တွင်းဒီဇယ်ဆီနှင့် သဘာဝဓာတ်ငွေ့ရည် ဈေးနှုန်းအခြေအနေ၊ အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းအခြေအနေ၊ နိုင်ငံတော်၏ ဘဏ္ဍာငွေလိုအပ်ချက်နှင့် အခွန်အကောက်ရငွေအခြေအနေတို့ကို လစဉ်စိစစ် သုံးသပ်ဆောင်ရွက်လျက်ရှိတယ်လို့လည်း ၎င်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။

Photo- MOI

Your Ad Here
Ad Size: 336x280 px

More News