[latest_news_marquee]

နိုင်ငံခြားသား ခရီးသွားများ၏ ‘China Haul’ အလေ့အထနှင့် ပြောင်းလဲလာသော တရုတ်နိုင်ငံ ခရီးသွားအတွေ့အကြုံသစ်

နိုင်ငံတကာ ဆိုရှယ်မီဒီယာများပေါ်တွင် တရုတ်နိုင်ငံမှ ဝယ်ယူလာသော ပစ္စည်းများအား ထုတ်ပြသည့် ‘China Haul’ ဆိုသည့် ခေါင်းစဉ် (Hashtag) သစ်တစ်ခု ရေပန်းစားလာခဲ့ပါသည်။

ထိုခေါင်းစဉ်အောက်ရှိ ဗီဒီယိုများတွင် နိုင်ငံခြားသား ဘလော့ဂါများက တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဝယ်ယူခဲ့သည့် “Pi Pa Gao”၊ “တုပ်ကွေးပျောက်ဆေး” နှင့် “ဂူဖီဝမ် (Gu Pi Wan) ဆေးပြား” စသည့် တရုတ်ရိုးရာ ဆေးဝါးများကို ‘အရှေ့တိုင်း၏ ဆန်းကြယ်သော ဆေးဝါးများ’ ဟု ညွှန်းဆိုကာ မျှဝေထားကြပါသည်။ ဘလော့ဂါတစ်ဦးကလည်း တရုတ်နိုင်ငံမှ ဝယ်ယူလာသော ပစ္စည်းများ ပြည့်နှက်နေသည့် ကတ်ထူသေတ္တာကြီးတစ်လုံးကို ကင်မရာရှေ့သို့ ဆွဲယူကာ မှောက်ချပြသခဲ့ပါသည်။ ထို့အပြင် မှတ်ချက်ကဏ္ဍတွင်လည်း လူမှုကွန်ရက်အသုံးပြုသူအချို့က တရုတ်နိုင်ငံသို့ ခရီးသွားရောက်ပါက ဝယ်ယူစရာများပြားသည့်အတွက် အိတ်အလွတ်များ ပိုမိုယူဆောင်သွားရန် အကြံပြုရေးသားထားကြပါသည်။

‘China Haul’ ဆိုသည်မှာ ‘တရုတ်နိုင်ငံမှ ဝယ်ယူလာသော ပစ္စည်းများအား အိတ်ဖွင့်ပြသခြင်း’ ကို ဆိုလိုပြီး တရုတ်ဘာသာစကားဖြင့် ‘China Good’ (တရုတ်နိုင်ငံ၏ ကောင်းမွန်မှု) ဆိုသည့် အသံထွက်နှင့် ဆင်တူပါသည်။ ၎င်းသည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများက ဝယ်ယူခဲ့သော တရုတ်ထုတ်ကုန်များကို လူမှုကွန်ရက် ပလက်ဖောင်းများပေါ်တွင် စုစည်းပြသခြင်းကို ရည်ညွှန်းပါသည်။

အမျိုးသား လူဝင်မှုကြီးကြပ်ရေး စီမံခန့်ခွဲမှုဌာန၏ ကိန်းဂဏန်း အချက်အလက်များအရ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသား ဦးရေမှာ ၂၂ ဒသမ ၉၁၄ သန်းအထိ ရှိခဲ့ပြီး ယခင်နှစ် ထိုအချိန်ကထက် ၂၀ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ထိုအထဲတွင် ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၁၇ ဒသမ ၈၁၅ သန်း ပါဝင်ပြီး စုစုပေါင်း နိုင်ငံခြားသားဝင်‌ရောက်မှု၏ ၇၇ ဒသမ ၇ ရာခိုင်နှုန်း ရှိကာ ယခင်နှစ်ထက် ၃၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် တိုင်းပြည်မှ ထွက်ခွာစဉ် အခွန်ပြန်အမ်းသည့် မူဝါဒသစ် စတင်ကျင့်သုံးခဲ့သည့် တစ်နှစ်တာကာလအတွင်း လျှောက်ထားသူဦးရေမှာ ယခင်နှစ်ထက် ၃၆၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး အခွန်ပြန်အမ်းသည့် ကုန်ပစ္စည်း ရောင်းအားနှင့် ပြန်အမ်းငွေ ပမာဏတို့မှာလည်း ၉၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ပေကျင်း၏ လေဆိပ်ကြီးနှစ်ခုတည်းတွင်ပင် ယခုနှစ် ပထမ ၇ လအတွင်း ထွက်ခွာခွန် ပြန်အမ်းငွေ လျှောက်လွှာပေါင်း ၁၃၀,၀၀၀ ကျော်ကို စိစစ်အတည်ပြုပေးခဲ့ရပြီး ယခင်နှစ်ထက် ၅၁၆ ဒသမ ၃၁ ရာခိုင်နှုန်းအထိ အဆမတန် မြင့်တက်လာခဲ့ပါသည်။

လူဦးရေ ပိုမိုလာရောက်သလို ဝယ်ယူမှုလည်း ပိုမိုများပြားလာပါသည်။ ဤဂရပ်မျဉ်းနှစ်ခု စည်းချက်ညီညီ မြင့်တက်လာခြင်းက “China Haul” သည် အင်တာနက်ပေါ်တွင်သာ ရှိနေသည်မဟုတ်ဘဲ လက်တွေ့ဘဝတွင် အမှန်တကယ် သုံးစွဲမှုများဖြင့် အထောက်အပံ့ပြုထားသည့် တရုတ်ပြည်သို့ လာရောက်လည်ပတ်သည့် ခရီးသွားလာမှု အလေ့အထသစ်ဖြစ်ကြောင်း ပြသနေပါသည်။

လွန်ခဲ့သော ကာလရှည်တစ်ခုတုန်းက နိုင်ငံခြားသား ခရီးသွားများ တရုတ်နိုင်ငံသို့ လာရောက်လျှင် ဝယ်ယူလေ့ရှိသည့် အဓိက ပစ္စည်းသုံးမျိုးမှာ လက်ဖက်ခြောက်၊ ပိုးထည် နှင့် ပန်ဒါရုပ်များ ဖြစ်ကြပါသည်။ ၎င်းတို့ဝယ်ယူကြသည်မှာ ထိုနေရာကို ရောက်ဖူးသည် ဆိုသည့် အမှတ်တံဆိပ် သင်္ကေတမျှသာ ဖြစ်ပြီး ထုတ်ကုန်၏ အရည်အသွေးကြောင့် မဟုတ်ပေ။ ထိုစဉ်က ကမ္ဘာ့စားသုံးသူများ၏ စိတ်ထဲတွင် “China Made” (တရုတ်နိုင်ငံထုတ်) ၏ အဓိပ္ပာယ်မှာ “ဈေးပေါသည်” ဟူ၍သာ ဖြစ်ခဲ့ပြီး ယခုအခါတွင်မူ မတူညီတော့ပေ။

Bloomberg သတင်း၏ ဖော်ပြချက်အရ Huawei နှင့် DJI တို့တွင် နည်းပညာမြင့် ထုတ်ကုန်များကို သွားရောက်စမ်းသပ်ခြင်း၊ အပြင်အဆင်ဆန်းသစ်သည့် Pop Mart စတိုးဆိုင်များတွင် ဈေးဝယ်ခြင်းတို့သည် တရုတ်နိုင်ငံသို့ လာရောက်သည့် ခရီးသွားများအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စများ ဖြစ်လာခဲ့ပါသည်။

Reuters သတင်းတွင်လည်း ရှန်ကျန်းမြို့ရှိ ဟွာချန်ဘေး (Huaqiangbei) သို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများသည် အိတ်ဆောင် ကင်မရာငြိမ်စက်များ၊ အားကစားကင်မရာများ၊ AI မျက်မှန်များ၊ ဒရုန်းများနှင့် စက်ရုပ်များကို ရှာဖွေဝယ်ယူကြသည်ဟု ဖော်ပြထားပါသည်။

ယခုနှစ် ကုန်သွယ်မှု ဝန်ဆောင်မှုပြပွဲတွင် သတင်းဌာနတစ်ခု၏ အင်တာဗျူးကို လက်ခံဖြေကြားခဲ့သည့် လက်ဘနွန် “Annahar” သတင်းစာမှ သတင်းထောက်တစ်ဦးသည် တရုတ်အမှတ်တံဆိပ် AI မျက်မှန်ကို စမ်းသပ်တပ်ဆင်ပြီးနောက် တရုတ်နိုင်ငံ၏ နည်းပညာအပေါ် ချီးကျူးပြောကြားခဲ့ပါသည်။

နိုင်ငံခြားသားများ၏ အမြင်တွင် “တရုတ် ဒေသထွက် ကုန်ပစ္စည်း” ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်မှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး အတိတ်တုန်းက “ဈေးပေါသောကြောင့်” ဝယ်ယူခဲ့ကြသော်လည်း ယခုအခါတွင်မူ “ကောင်းမွန်သောကြောင့်” ဝယ်ယူခြင်းသို့ ပြောင်းလဲလာ သကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ထုတ်ကုန်တွေလိုပဲ ဒီဇိုင်းဆန်းသစ်မှု၊ အရည်အသွေးကောင်းမွန်မှု၊ နည်းပညာ ဆန်းသစ်မှု စသည့် ရှုထောင့်များမှ အကဲဖြတ် သုံးသပ်လာကြပါသည်။

ထို့အပြင် ပြည်ပခရီးသွားများ၏ ‘အိတ်ဖွင့်ပြသခြင်း’ ဆိုသည်မှာ ‘တရုတ်နိုင်ငံထုတ်ကုန်များ’ ၏ ပြန်လည်ဦးမော့လာမှုကိုသာမက ‘တရုတ်နိုင်ငံ၏ အတွေ့အကြုံများ’ ကို ပိုမိုပွင့်လင်းစွာ မျှဝေပေးထားမှုကိုပါ ဖော်ပြနေခြင်း ဖြစ်ပါသည်။

လွန်ခဲ့သည့် နှစ်များအတွင်း တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့် ပေးထားသည့် မိတ်ဖက်နိုင်ငံများ စာရင်းမှာ ဆက်လက် များပြားလာခဲ့ပြီး အမျိုးသား လူဝင်မှုကြီးကြပ်ရေး၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့် ပေးထားသည့် နိုင်ငံပေါင်း ၅၀ အထိ တိုးတက်လာခဲ့ကာ နိုင်ငံပေါင်း ၅၇ နိုင်ငံအတွက် နာရီ ၂၄၀ ကြာ ဖြတ်သန်းသွားလာခွင့် (Transit Visa) ပေးအပ်ထားပါသည်။

ထို့ပြင် အခွန်ပြန်အမ်းငွေ လျှောက်ထားရန် သတ်မှတ်ချက်များလည်း ပိုမိုလွယ်ကူလာခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အထိ တစ်နိုင်ငံလုံးတွင် ထွက်ခွာခွန် ပြန်အမ်းပေးသည့် စတိုးဆိုင်ပေါင်း ၁၅,၀၀၀ ကျော်ရှိလာပြီး၊ အခွန်ပြန်အမ်းနိုင်သည့် ကုန်ပစ္စည်း အမျိုးအစားပေါင်း ၃၅၆ မျိုးအထိ ရှိလာကာ ၄၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့ပါသည်။

ဗီဇာကင်းလွတ်ခွင့် တိုးမြှင့်ပေးခြင်း၊ ဝင်ရောက်ရန် လွယ်ကူချောမွေ့ခြင်း၊ အခွန်ပြန်လည်ထုတ်ယူမှု လုပ်ငန်းစဉ်များ ရိုးရှင်းခြင်းနှင့် သုံးစွဲသူများအတွက် အဆင်ပြေစေမည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်း စသည့် ပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံခြားသား ခရီးသွားများကို ရိုးရိုးခရီးသွားများအဖြစ်မှ ဒေသခံများ၏ လူနေမှုဘဝအတွင်း တိုက်ရိုက် ပါဝင်ခံစားနိုင်သူများ ဖြစ်လာစေပါသည်။

၎င်းတို့သည် ဒေသတွင်း ဟင်းသီးဟင်းရွက်နှင့် အသားငါးဈေးများသို့ သွားရောက်၍ ဈေးဆစ်ခြင်း၊ လက်ဖက်ရည်ဆိုင်ဟောင်းများတွင် တရုတ်ရိုးရာ ခွက်ဖြင့် ဖျော်စပ်ထားသော လက်ဖက်ရည်ကို မြည်းစမ်းခြင်းနှင့် “ဗာတွမ့်ကျင်း” (Ba Duan Jin) လေ့ကျင့်ခန်းများကို လိုက်လံ သင်ယူခြင်းများ ပြုလုပ်ကြပါသည်။ အချက်အလက်များအရ နိုင်ငံခြားသား ခရီးသွားများ သွားရောက်သည့် ဒေသများသည် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးနှင့် ရှန်ကျန်း စသည့် ‘ရိုးရာ ခရီးစဉ်ဒေသများ’ မှတစ်ဆင့် တစ်နိုင်ငံလုံးရှိ မြို့ပေါင်း ၅၀၀ နီးပါးအထိ ကျယ်ပြန့်လာခဲ့ကြောင်း တွေ့ရှိရပါသည်။

ခရီးသွား ဝက်ဘ်ဆိုက်များ၏ အချက်အလက်များအရ ယခုနှစ် နွေရာသီတွင် ထူးခြားဆန်းသစ်သည့် မြို့ငယ်လေးများသည် နိုင်ငံခြားသားများအတွက် ခရီးသွား ပန်းတိုင်သစ်များ ဖြစ်လာခဲ့ပြီး၊ ရီလီ (Yili)၊ အာလဲ့ထိုင့် (Altay)၊ ချန်တုန်းနမ်(Qiandongnan)၊ အန်ရွှင့် (Anshun)၊ ရိချွန် (Yichun) စသည့် ဒေသများရှိ ဒေသခံအိမ်များတွင် တည်းခိုရန် နိုင်ငံခြားသားများ၏ ကြိုတင်မှာယူမှုသည် ယခင်နှစ် ကာလတူထက် ၁၀၀ ရာခိုင်နှုန်းကျော်အထိ တိုးတက်လာခဲ့ပါသည်။

ခရီးသွားလာမှု၏ အဓိက ဦးတည်ချက်သည် ‘ရှုခင်းကြည့် လှည့်လည်ခြင်း’ မှ ‘မြို့ပြ၏ အနှစ်သာရကို ခံစားခြင်း’ နှင့် ‘ဒေသခံများ၏ လူနေမှုဘဝအတွင်း စီးမျော ပါဝင်ခြင်း’ သို့ ပြောင်းလဲလာခဲ့ရာ ဤသည်မှာ နိုင်ငံခြားသား ခရီးသွားများအတွက် အရည်အသွေးမြင့် တရုတ်ထုတ်ကုန်များကို စစ်မှန်စွာ ရှာဖွေတွေ့ရှိရန် အခွင့်အရေး ရရှိစေရုံမျှမက တရုတ်နိုင်ငံနှင့် သက်ဆိုင်သော ယခင် အယူအဆဟောင်းများကိုလည်း ပြောင်းလဲစေလျက် ရှိပါသည်။

‘China Haul’ ဆိုသည်မှာ စကားလုံး အလှဆင်သုံးနှုန်းထားရုံမျှ မဟုတ်ဘဲ နိုင်ငံခြားသား ခရီးသွားများက ကိုယ်တိုင် သုံးစွဲဝယ်ယူမှုများနှင့်အတူ ပေးအပ်လိုက်သည့် သုံးသပ်ချက်တစ်ခု ဖြစ်ပါသည်။

ခရီးစတင်ချိန်တွင် အိတ်အလွတ်ဖြင့် လာရောက်ခဲ့သော်လည်း ပြန်လည်ထွက်ခွာချိန်တွင်မူ ဝယ်ယူထားသည့် ကုန်ပစ္စည်းများ၊ သစ်လွင်လာသည့် အယူအဆအမြင်များနှင့်အတူ တရုတ်နိုင်ငံသို့ နောက်တစ်ကြိမ် လာရောက်ရန် အကြောင်းအရင်းများကိုပါ ယူဆောင်သွားကြပါသည်။ ဤပြောင်းလဲမှုများသည် ကုန်ပစ္စည်းများ ဝယ်ယူလိုစိတ်ကို ဖြစ်ပေါ်စေရုံမျှမက ထပ်မံ လာရောက်လည်ပတ်လိုသည့် ဆွဲဆောင်မှုများကိုပါ ဖန်တီးပေးလျက် ရှိပါသည်။

သတင်းအရင်းအမြစ် : San Li He

Your Ad Here
Ad Size: 336x280 px

More News