ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းက “ကမ္ဘာ့အမြင်ဖြင့် စုစည်းပုံဖော်ခြင်း – ပေါင်ရှန်းနှင့် သာယာလှပသော ဆုံစည်းမှု” ၂၀၂၆ ပြည်ပမီဒီယာသတင်းထောက်များ ပေါင်ရှန်းမြို့ ခရီးစဉ်တွင် ပါဝင်ကြသည့် ပြည်တွင်းပြည်ပ သတင်းထောက်များသည် ပေါင်ရှန်း အရည်အသွေးမြင့် ကော်ဖီစက်မှုဥယျာဉ်နှင့် Baoshan Zhongka Food Co., Ltd. သို့ သွားရောက်ခဲ့ကြပါသည်။

ပေါင်ရှန်း အစေ့သေးကော်ဖီ (Baoshan Arabica Coffee) လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို အသေးစိတ် လေ့လာခဲ့ကြပြီး စိုက်ပျိုးခြင်း၊ ပြုပြင်မွမ်းမံခြင်းမှသည် အမှတ်တံဆိပ် ဖန်တီးမှုအထိ ပေါင်ရှန်းကော်ဖီ ကွင်းဆက်တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များကို အနီးကပ် လေ့လာခဲ့ကြပါသည်။

ပေါင်ရှန်းမြို့သည် ယူနန်ပြည်နယ် အနောက်ပိုင်းတွင် တည်ရှိပြီး သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု သာယာကောင်းမွန်မှုကြောင့် ကော်ဖီစိုက်ပျိုးရန် အထူးပင် သင့်လျော်ပါသည်။ ဒီနေရာမှ ထွက်ရှိသော ပေါင်ရှန်း အစေ့သေးကော်ဖီသည် “အရသာပြည့်ဝပြီး သောက်ရ ချောမွေ့ခြင်း၊ ရနံ့မပြင်းလွန်းခြင်းနှင့် အသီး၏ အချဉ်အရသာ သင်းပျံ့ခြင်း” ဟူသော သီးသန့် အရသာကြောင့် လူသိများပြီး တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ကော်ဖီကို ကိုယ်စားပြုသော ထုတ်ကုန်တစ်ခု ဖြစ်ပါသည်။


ပေါင်ရှန်း အစေ့သေးကော်ဖီသည် ၁၉၉၃ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၌ ကျင်းပခဲ့သော (၄၂) ကြိမ်မြောက် ဘရပ်ဆဲလ် ယူရီကာ ပြပွဲတွင် ယူရီကာ ရွှေတံဆိပ်ဆု ရရှိခဲ့ဖူးပြီး လက်ရှိတွင် ကမ္ဘာ့ရွှေတံဆိပ်ဆု ရရှိဖူးသည့် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော ကော်ဖီထုတ်ကုန် ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်တွင်လည်း အမျိုးသားအဆင့် ထင်ရှားကျော်ကြားပြီး အထူးအရည်အသွေးမြင့် သစ်လွင်လယ်ယာထုတ်ကုန်များ စာရင်းနှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အရည်အသွေးမြင့် စိုက်ပျိုးရေး အမှတ်တံဆိပ် ပြုစုပျိုးထောင်ရေး စာရင်းတို့တွင် အောင်မြင်စွာ ပါဝင်ခဲ့သဖြင့် အမှတ်တံဆိပ်၏ဂုဏ်သတင်းဆက်လက် မြင့်တက်လျက်ရှိပါသည်။


မကြာသေးမီ နှစ်များအတွင်း ပေါင်ရှန်းမြို့သည် ကော်ဖီလုပ်ငန်း အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်တိုက် တွန်းအားပေး ဆောင်ရွက်ခဲ့ပါသည်။ လက်ရှိတွင် တစ်မြို့လုံး၌ ကော်ဖီစိုက်ပျိုးဧရိယာ ၁၈၀,၆၀၀ ဧကရှိပြီး နှစ်စဉ် ထုတ်လုပ်မှု ပမာဏ တန်ချိန် ၂၆,၈၀၀ ရှိပါသည်။ စိမ်းလန်းပြီး သဘာဝအတိုင်း စိုက်ပျိုးမှု (Organic) စာရင်းဝင် စိုက်ပျိုးရေးစခန်းဧရိယာ ၁၇,၀၀၀ ဧကရှိကာ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး ယွမ် ၂၂ ဒသမ ၃၂၈ ဘီလီယံအထိ ရောက်ရှိခဲ့ပါသည်။ တစ်မြို့လုံးတွင် ကော်ဖီကုမ္ပဏီ ၈၂ ခုရှိသည့်အနက် အဆင့်မြင့် ပြုပြင်ထုတ်လုပ်သည့် စက်ရုံ ၂၉ ခုရှိပြီး ကော်ဖီခြံ ၃၄ ခြံ တည်ထောင်ထားပါသည်။ “Zhonga” ၊ “Beeton” ၊ “Jinglan” အပါအဝင် အဓိက အမှတ်တံဆိပ် ၂၆ ခုကို ပျိုးထောင်ပေးနိုင်ခဲ့ကာ စစ်ဖျော် ကော်ဖီ (Drip bag coffee)၊ အသင့်သောက် ကော်ဖီမှုန့် (Instant coffee)၊ ရေအေးဖြင့် စစ်ယူထားသော ကော်ဖီ (Cold brew coffee) စသည့် အမျိုးအစား ၁၀ ခုကျော်နှင့် ထုတ်ကုန် ပေါင်း ရာပေါင်းများစွာကို တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီး ကော်ဖီ ကုန်အမှတ်တံဆိပ် ၆၀၀ ကျော် မှတ်ပုံတင်ထားပြီး ဖြစ်ပါသည်။


ပေါင်ရှန်း အရည်အသွေးမြင့် ကော်ဖီစက်မှုဥယျာဉ်တွင် မီဒီယာသတင်းထောက်များသည် ကော်ဖီ အဆင့်မြင့် ပြုပြင်ထုတ်လုပ်သည့်ဇုန်၊ ကော်ဖီ အရောင်းအဝယ်ဈေးနှင့် ကော်ဖီယဉ်ကျေးမှု ပြခန်းတို့ကို သွားရောက်ကြည့်ရှုခဲ့ကြပြီး ပေါင်ရှန်း အစေ့သေးကော်ဖီ လုပ်ငန်း၏ သမိုင်းကြောင်းနှင့် စက်မှုဇုန် တည်ဆောက်ပုံ အခင်းအကျင်းတို့ကို အသေးစိတ် လေ့လာခဲ့ကြပါသည်။ ပေါင်ရှန်း စက်မှုဇုန် စိုက်ပျိုးရေးလုပ်ငန်း ဝန်ဆောင်မှုဗဟိုဌာန ညွှန်ကြားရေးမှူး Mr. Zhu Yongxiang က စက်မှုဥယျာဉ်၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့ပါသည်။ စက်မှုဥယျာဉ်ကို ကော်ဖီ အဆင့်မြင့် ပြုပြင်ထုတ်လုပ်ခြင်း၊ အရောင်းအဝယ်ဈေးနှင့် ယဉ်ကျေးမှု ပြသခြင်း ဟူသော အဓိက ကဏ္ဍ ၃ ခုဖြင့် တည်ဆောက်ထားပြီး ကော်ဖီစေ့အစိမ်း၊ လှော်ပြီးသား ကော်ဖီစေ့၊ အသင့်သောက်ကော်ဖီ၊ ရေအေးဖြင့် စစ်ယူကာ အအေးဓာတ်ဖြင့် အခြောက်ခံထားသော ကော်ဖီမှုန့် (Cold brew freeze-dried powder) စသည့် ထုတ်ကုန်များ၏ ပြည့်စုံသော လုပ်ငန်းကွင်းဆက်ကို ဖန်တီးထားကြောင်း သိရပါသည်။ လက်ရှိတွင် ယူနန်ပြည်နယ်၏ အကြီးမားဆုံး ကော်ဖီစက်မှုဇုန် အစုအဝေး ဖြစ်လာခဲ့ပြီး ပေါင်ရှန်းကော်ဖီ လုပ်ငန်းကွင်းဆက် တိုးချဲ့ခြင်း၊ ဖြည့်ဆည်းခြင်းနှင့် သန်မာအားကောင်းလာစေရန် တွန်းအားပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။


ထို့နောက် သတင်းမီဒီယာအဖွဲ့သည် Yishu Coffee (Baoshan) Co., Ltd. သို့ သွားရောက်၍ ထုတ်လုပ်ရေး အလုပ်ရုံကို လေ့လာကြည့်ရှုခဲ့ကြပါသည်။ စက်ရုံတာဝန်ခံ Mr. Yang Wenzhong က ကော်ဖီစေ့အစိမ်း ရွေးချယ်ခြင်း၊ လှော်ခြင်း၊ ကြိတ်ခြင်းမှသည် ထုပ်ပိုးခြင်းအထိ ပြုပြင်ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို သတင်းထောက်များအား ရှင်းပြခဲ့ပြီး ထုတ်ကုန်အရည်အသွေး မြှင့်တင်ရန်နှင့် ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို မျှဝေခဲ့ပါသည်။ သတင်းထောက်များသည် ခေတ်မီ ပြုပြင်ထုတ်လုပ်သည့် စက်ကိရိယာများကို အနီးကပ် လေ့လာခွင့်ရခဲ့သဖြင့် ပေါင်ရှန်း အရည်အသွေးမြင့် ကော်ဖီ၏ စံချိန်စံညွှန်းမီ အမြောက်အမြား ထုတ်လုပ်မှုအပေါ် ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်ခဲ့ကြပါသည်။


ဆက်လက်၍ သတင်းမီဒီယာအဖွဲ့သည် Baoshan Zhongka Food Co., Ltd. သို့ သွားရောက်ခဲ့ကြပါသည်။ အဆိုပါ ကုမ္ပဏီကို ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယူနန်ပြည်နယ်၏ စိုက်ပျိုးရေး ထုတ်လုပ်မှု ဦးဆောင်စီးပွားရေးလုပ်ငန်း ဖြစ်သလို အမျိုးသားအဆင့် အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေး (E-commerce) စံပြ စီးပွားရေးလုပ်ငန်းလည်း ဖြစ်ပါသည်။ ISO9001 အရည်အသွေး စီမံခန့်ခွဲမှုစနစ်၊ HACCP အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုစနစ်နှင့် အော်ဂဲနစ် အစားအသောက် ထောက်ခံချက်များကို ရရှိထားပြီး စိုက်ပျိုးခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ အရောင်းနှင့် အမှတ်တံဆိပ် စီမံခန့်ခွဲခြင်းများ ပေါင်းစပ်ထားသော ကွင်းဆက်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှု ပုံစံကို တည်ဆောက်ထားပါသည်။


Baoshan Zhongka Food Co., Ltd. ၏ အထွေထွေစီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး Ms. Luo Yingfen က ကုမ္ပဏီသည် ပေါင်ရှန်းမြို့၏ အရည်အသွေးမြင့် အစေ့သေးကော်ဖီ အရင်းအမြစ်များနှင့် ရင့်ကျက်ပြီးသား အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေး အတွေ့အကြုံများကို အခြေခံ၍ စံချိန်စံညွှန်းမီရေး၊ စနစ်တကျရှိရေး၊ အမြောက်အမြား ထုတ်လုပ်နိုင်ရေးတို့ကို အဓိကထား ဆောင်ရွက်နေကြောင်း မီဒီယာသို့ ပြောကြားခဲ့ပါသည်။ စိုက်ပျိုးခြင်းမှသည် ပြုပြင်ထုတ်လုပ်ခြင်း၊ အရောင်းအဝယ် ပြုလုပ်ခြင်းအထိ ကွင်းဆက်တစ်ခုလုံးကို အစဉ်မပြတ် တိုးတက်ကောင်းမွန်အောင် ပြုလုပ်လျက်ရှိပြီး စားသုံးသူများအတွက် အရည်အသွေးမြင့်ပြီး သင့်တင့်သော စျေးနှုန်းရှိသည့် အရည်အသွေးမြင့် ကော်ဖီထုတ်ကုန်များကို ပေးအပ်နိုင်ရန်နှင့် ပေါင်ရှန်းကော်ဖီ အမှတ်တံဆိပ်ကို ပြည်တွင်းပြည်ပ ဈေးကွက်သို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရန် ဆက်လက် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းပြခဲ့ပါသည်။


ယခုကဲ့သို့ လက်တွေ့ သွားရောက်လေ့လာခဲ့ခြင်းဖြင့် နိုင်ငံတကာသတင်းထောက်များသည် ပေါင်ရှန်းကော်ဖီ လုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းနှင့် ခေတ်မီ ထုတ်လုပ်မှုစနစ် အကြောင်းကို ပိုမိုပြည့်စုံစွာ နားလည်သဘောပေါက်ခဲ့ကြရုံမျှမက ပေါင်ရှန်းမြို့သည် ၎င်း၏ ထူးခြားသော သဘာဝအရင်းအမြစ် အားသာချက်များကို အခြေခံ၍ ကော်ဖီလုပ်ငန်း၏ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်မှုကို အစဉ်မပြတ် မြှင့်တင်ကာ ကဏ္ဍအလိုက် အဆင့်မြှင့်တင်မှုများကို တွန်းအားပေးလျက်ရှိကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။ ယင်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စီးပွားရေး တိုးတက်မှုအတွက် သက်ဝင်လှုပ်ရှားသော အင်အားသစ်များကို ဖြည့်ဆည်းပေးလျက်ရှိပါသည်။


သတင်းအချက်အလက်များအရ ယခုကျင်းပသည့် “ကမ္ဘာ့အမြင်ဖြင့် စုစည်းပုံဖော်ခြင်း – ပေါင်ရှန်းနှင့် သာယာလှပသော ဆုံစည်းမှု” ၂၀၂၆ ပြည်ပမီဒီယာသတင်းထောက်များ ပေါင်ရှန်းမြို့ ခရီးစဉ် အစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများမှ သတင်းထောက်များသည် ပေါင်ရှန်းမြို့၏ ဒေသအသီးသီးသို့ ဆက်လက်ကွင်းဆင်း၍ ကင်မရာများနှင့် စာပေများမှတစ်ဆင့် ပေါင်ရှန်းမြို့၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု သက်ဝင်လှုပ်ရှားဖွယ် ပုံရိပ်များကို ဆက်လက် ရေးသားဖော်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Photos – CNS






