[latest_news_marquee]

နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ဖြင့် ငါန်းဇွန်၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့မှ အပ မြို့နယ်(၅၅)မြို့နယ်ကို စစ်အုပ်ချုပ်ရေအမိန့် နောက်ထပ်ရက် ၉၀ သက်တမ်းတိုး  

နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ဖြင့် ငါန်းဇွန်၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့မှ အပ မြို့နယ်(၅၅)မြို့နယ်ကို စစ်အုပ်ချုပ်ရေအမိန့် နောက်ထပ်ရက် ၉၀ သက်တမ်းတိုး ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ်၊ ၈ / ၂၀၂၆ ဖြင့် အောက်တိုဘာလ ၁၈ ရက် နေ့ရက်စွဲဖြင့် စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်ခဲ့ပြီး  ဥပဒေကဲ့သို့အာဏာ တည်သောအမိန့် (၇/၂၀၂၆) ဖြင့် ဥပဒေကဲ့သို့အာဏာတည်သောအမိန့် ဆက်လက်တည်ရှိကြောင်း ကြေညာထားသည့်မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်၍ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား အပ်နှင်းလိုက်တယ်လို့ ပါရှိပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်ပြီး ယခု အမိန့်သည် ထိုနေ့မှစ၍ ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

ထို့အတူ နိုင်ငံတော် သမ္မတရုံးမှ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ်၊ ၇ / ၂၀၂၆ အားလည်း ယင်းနေ့တွင်ပင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်သမ္မတရုံးမှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်တွင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ဆက်လက်အတည်ဖြစ်ကြောင်း ကြေညာသည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ်၊ ၃/၂၀၂၆ တွင် ဖော်ပြပါရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့နယ်များအနက် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့မှအပ ကျန်မြို့နယ်များအတွက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်တွင် ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့၏ သဘောတူညီမှုဖြင့် ယင်းအမိန့်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (ဃ) အရ ထိုနေ့မှစ၍ ရက်ပေါင်း (၉၀) အထိ ဆက်လက်အတည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှလည်း စစ်အုပ်ချုပ်ရေးအမိန့် အမှတ်၊ ၅/၂၀၂၆ ကို ထုတ်ပြန်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၄/၂၀၂၆ သည် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့မှအပ ဆက်လက်အတည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အောက်တိုဘာ ၁၆ ရက်နေ့က ပြုလုပ်တဲ့ တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့၌ မတည်ငြိမ်မအေးချမ်းသေးသည့် ဒေသများတွင် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ် စောင့်ရှောက်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက် နိုင်ရေးတို့အတွက် ဥပဒေနှင့်အညီ လိုအပ်သည့် အစီအမံများဆောင်ရွက်ခြင်းသည် အရေးကြီးကြောင်း၊ အရေးပေါ် အခြေအနေတစ်ရပ်ကို ကိုင်တွယ် ဖြေရှင်းရာတွင် အမိန့်တစ်ရပ်ထုတ်ပြန်ခြင်း၊ အုပ်ချုပ်ရေးစနစ်တစ်ရပ် ပြောင်းလဲကျင့်သုံးခြင်းတို့ဖြင့်သာ လုံလောက်သည်ဟု ပြော၍မရဘဲ အဆိုပါဆောင်ရွက်မှုများကြောင့် ပြည်သူများ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ ပြန်လည်ရရှိမှုကို လက်တွေ့ရလဒ်များ ဖြင့်တိုင်းတာကြရမယ်လို့လည်း လွှတ်တော်ကိုယ်စားများက ဆွေးနွေးခဲ့ပါတယ်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က မန္တလေးတိုင်း ဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရှမ်းပြည်နယ် ကျောက်မဲ မြို့နယ်နှင့် သီပေါမြို့နယ်တို့မှအပ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသေးသည့် မြို့နယ်(၅၅)မြို့နယ်ကို ထပ်မံ၍ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အား နောက်ထပ်ရက်ပေါင်း ၉၀ အထိ ဆက်လက်အတည်ဖြစ်စေရေးကို လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

Photos- MOI

MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Tiktok – https://www.tiktok.com/@myanmarfuturenews

Telegram –https://t.me/myanmarfuturenews

YouTube – https://www.youtube.com/@MyanmarFutureNews-MFN

Your Ad Here
Ad Size: 336x280 px

More News