[latest_news_marquee]

နိုင်ငံ၏ ဝင်ငွေနှင့် ထွက်ငွေများ မျှတနေမှသာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို အထိုက်အလျောက် လျှော့ချနိုင်မည်ဟု သမ္မတပြော

နိုင်ငံ၏ ဝင်ငွေနှင့် ထွက်ငွေများ မျှတနေမှသာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုများ မြင့်မားလာစေရေးအတွက် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြဖို့ လိုကြောင်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ဇူလိုင် ၇ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် နိုင်ငံဖွံ့ဖြိုးရေးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည်အရေးကြီးပြီး မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ ကုန်ဈေးနှုန်းများ ကြီးမြင့်ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာလည်း ရောင်းလိုအားနှင့် ဝယ်လိုအားများ မမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းများကြောင့်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်ရခြင်းသည်လည်း ငွေကြေးတန်ဖိုး ပြောင်းလဲမှုများကြောင့်ဖြစ်သည့် အကျိုးဆက်များကြောင့်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှု မြင့်မားစေရေးအတွက် ဆောင်ရွက်ရန် မဖြစ်မနေလိုအပ်ကြောင်းနှင့် ထုတ်ကုန်ပစ္စည်းများ တိုးတက်များပြားလာမှသာ ပို့ကုန်ပစ္စည်းများရရှိပြီး ထိုမှတစ်ဆင့်ရရှိသည့် နိုင်ငံခြားငွေများဖြင့် သွင်းကုန်များကို တင်သွင်းနိုင်မည်ဖြစ်ကြောင်းတို့ကို ၎င်းကထည့်သွင်းပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်လက်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရ၏တာဝန်ဖြစ်ပြီး မဖြစ်မနေကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကာ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တည်ငြိမ်အေးချမ်းမှုလည်းလိုအပ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ နိုင်ငံတော်တာဝန်ယူ ဆောင်ရွက်သည်မှာ သုံးလတာကာလအတွင်းသို့ ရောက်ရှိလာပြီးဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် ဖွဲ့စည်းထားသည့် ကော်မတီများ၊ ကော်မရှင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများတိုးတက်မှုအခြေအနေများကို လစဉ်ဆန်းစစ်သုံးသပ် ဆောင်ရွက်နေရန် လိုကြောင်းနှင့် ပို့ကုန်များ အရေအတွက်များများ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့်နှစ်အတွင်း စိုက်ပျိုးရေးပို့ကုန်များ ပြည်ပသို့တင်ပို့နိုင်မှု လျော့နည်းခဲ့ကြောင်း၊ အဓိက သီးနှံဖြစ်သည့် ဆန်တင်ပို့မှုလျော့နည်းခဲ့သကဲ့သို့ အခြားစိုက်ပျိုးသီးနှံအချို့ တင်ပို့နိုင်မှုလျော့နည်းခဲ့ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးပို့ကုန်များ အရေအတွက်များများ ထုတ်လုပ်တင်ပို့နိုင်ရန် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းများတွင် ပိုမိုပါဝင်ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားကြရန်နှင့် မိမိတို့နိုင်ငံ၏ အဓိကပို့ကုန်သီးနှံဖြစ်သည့် ဆန်တင်ပို့မှုကို ပိုမိုထုတ်လုပ်တင်ပို့နိုင်ရန်လိုကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ပို့ကုန်တိုးမြှင့်ရန်လိုပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌ ကုန်ထုတ်လုပ်မှုများ တိုးမြင့်လာအောင် အားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာအရလည်း နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပုံမှန်အတိုင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကလည်း လုပ်ငန်းဆောင်ရွက်မှုများ စနစ်တကျဖြစ်စေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းတို့ကို ၎င်းကမှာကြားခဲ့တယ်လို့ သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News