နိုင်ငံတော်သမ္မတ ရဲ့ လာအိုနိုင်ငံ ခရီးစဉ်အတွင်း နေပြည်တော်နဲ့ ဗီယင်ကျန်းတို့ကို Sister City အဖြစ် ဆောင်ရွက်သွားဖို့၊ ကျိုင်းတုံနဲ့ လွန်ပရာဘန်မြို့ကို လေကြောင်းလိုင်းပြေးဆွဲဖို့ နဲ့ နယ်စပ်ဒေသကုန်သွယ်မှုတွေ တိုးမြှင့်ဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတော် သမ္မတရဲ့ လာအိုနိုင်ငံ ခရီးစဉ်မှာ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှဦးဆောင်သည့် မြန်မာအဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက မီဒီယာများအား ရှင်းလင်းဖြေကြားခဲ့ရာတွင် ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒေါက်တာခိုင်ခိုင်စိုးက “မြန်မာ – လာအို ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ် မြှင့်တင်ဖို့ သဘောတူညီခဲ့ပါတယ်။ ပြီးတော့ ရေအားလျှပ်စစ်နဲ့ပတ်သက်လို့ မြန်မာနဲ့လာအိုနဲ့ ပူးပေါင်းပြီးတော့ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်မှာ ရေအားလျှပ်စစ် ဘယ်လောက် ထုတ်နိုင်မလဲဆိုတဲ့ Feasibility Study လုပ်ဖို့အတွက် သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံမှာလိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်ကို ဘယ်ကနေရရှိနိုင်မလဲဆိုတာ အမြန်ဆုံးနဲ့ ဈေးအသက်သာဆုံး နည်းလမ်းကနေ ရရှိဖို့အတွက် နည်းလမ်းတွေရှာဖွေတဲ့နေရာမှာ ဒါ one of the source ဖြစ်လာနိုင်ပါတယ်။ ဒီလုပ်ငန်းစဉ်သာ အောင်မြင်မယ်၊ လေ့လာချက်တွေကနေပြီးတော့မှ နှစ်နိုင်ငံပူးပေါင်းပြီး ရေစွမ်းအင်ကနေ လျှပ်စစ်ရင်းမြစ်တွေ ဖော်ထုတ်နိုင်မယ်ဆိုရင် နှစ်နိုင်ငံပြည်သူတွေအတွက် များစွာအကျိုးရှိမှာ ဖြစ်ပါတယ်။ ပြီးတော့ အလုပ်သမားရေးရာနဲ့ပတ်သက်လို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ နှစ်နိုင်ငံမြို့တော် နေပြည်တော်နဲ့ ဗီယင်ကျန်းတို့ကို Sister City အဖြစ် ဆက်သွယ်ဆောင်ရွက်သွားဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကျန်ဆွေးနွေးခဲ့တဲ့ အချက်တွေလည်း ရှိပါတယ်။ ဒါကတော့ ကျိုင်းတုံနဲ့ လွန်ပရာဘန်မြို့ကို လေကြောင်း လိုင်းပြေးဆွဲဖို့၊ နယ်စပ်ဒေသကုန်သွယ်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ သတင်းအချက်အလက်တွေဖလှယ်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ ဒါတွေကို ဆွေးနွေးခဲ့ပါတယ်”လို့ မီဒီယာများနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
ထို့အပြင် နိုင်ငံတော် သမ္မတရဲ့ အာဆီနိုင်ငံများအနက် လာအိုနိုင်ငံသို့ ပထမဆုံး သွားရောက်ခြင်း အကြောင်းဟာ လာအို နိုင်ငံဟာ နှစ်ပေါင်း (၇၀) ကျော် သံတမန်ဆက်ဆံရေးရှိခဲ့တဲ့နိုင်ငံဖြစ်ပြီး နယ်နိမိတ်ချင်းလည်း ထိစပ်နေသလို အစဉ်အဆက် ရင်းနှီးစွာ ဆက်ဆံခဲ့ကြောင်း၊ နှစ်ပေါင်းရာချီပြီး ပြည်သူအချင်းချင်း ဆက်ဆံ ခဲ့တဲ့နိုင်ငံဖြစ်သလို မြန်မာနိုင်ငံကို အမြဲတမ်း Supporting ပေးခဲ့ကြောင်း၊ နယ်နိမိတ်တစ်လျှောက်မှာ နယ်စပ်ပြဿနာ လုံးဝမရှိခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး မိတ်ဆွေအရင်းအချာပမာဆက်ဆံခဲ့တဲ့ အိမ်နီးချင်းကောင်း နိုင်ငံတစ်ခုဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း သူမက ဆိုခဲ့ပါတယ်။
ဒေါက်တာခိုင်ခိုင်စိုးက ဆက်လက်ပြီး “လာအိုနိုင်ငံက အာဆီယံနိုင်ငံထဲမှာ Landlocked country ပါ။ Landlocked country ကနေပြီး Land-linked country ဖြစ်လာတယ်။ လာအိုနိုင်ငံကနေ လျှပ်စစ်ဓာတ်အားတွေကို ဗီယက်နမ်၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို ရောင်းချနိုင်ခဲ့တဲ့ အနေအထားကို ရောက်လာပါတယ်။ အဲဒီတော့ ကျွန်မတို့က ဒါတွေကို လေ့လာချင်တယ်။ လာအိုနိုင်ငံဟာဆိုရင် မဲခေါင်မြစ်ကြီးတစ်ခုပဲရှိတဲ့နိုင်ငံပါ။ ကျွန်မတို့နိုင်ငံမှာဆိုရင် မြစ်ကြီးလေးစင်းရှိပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် လေ့လာဖို့၊ ဆွေးနွေးဖို့အတွက် လာအိုနိုင်ငံကို ပထမဆုံး အာဆီယံနိုင်ငံထဲက နိုင်ငံအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ထို့အတူ ယခု ခရီးစဉ်မှာ အထင်ရှားဆုံး အောင်မြင်မှု ဆိုပါက နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးမှာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် တိုးမြှင့်ဖို့အတွက် အပြန်အလှန်ဆွေးနွေးနိုင်ခဲ့ပြီး ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သလို ချစ်ကြည်ရင်းနှီးမှု မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။
Photo- MOI






