[latest_news_marquee]

ပထမဆုံး တက္ကသိုလ်ပေါင်းစုံ Esports ပြိုင်ပွဲကြီး ကျင်းပမည်

မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) နှင့် PUBG MOBILE Offline တို့ ပူးပေါင်း၍  PUBG MOBILE Varsity Esports Championship ၏ ပထမဆုံး တက္ကသိုလ်ပေါင်းစုံ Esports ပြိုင်ပွဲကြီးကို ရန်ကုန်တက္ကသိုလ်၌ ယခု ဇူလိုင်လနောက်ဆုံးပတ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း MESF မှ သိရပါတယ်။

တက္ကသိုလ် ကျောင်းသားများနှင့် မျိုးဆက်သစ်များအနေဖြင့် Esports အားကစားကဏ္ဍ၌ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်၊ တက္ကသိုလ်များမှ မျိုးဆက်သစ်အားကစားသမားများအား နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့်သို့ ယှဉ်ပြိုင်နိုင်မည့် လူငယ်ကစားသမားကောင်းများအဖြစ် မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ အဆိုပါပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

“တက္ကသိုလ်အဆင့်အနေနဲ့ဆိုရင် မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ တက္ကသိုလ်တွင်း ပြိုင်ပွဲတွေမှာ အနိုင်ရရှိခဲ့တဲ့ ၁၆ သင်းဟာ တစ်သင်းကို လေးယောက်နဲ့ ရန်ကုန်တက္ကသိုလ်မှာ ဇူလိုင် ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ ယှဉ်ပြိုင်သွားမှာပါ။ နိုင်တဲ့အသင်းအနေနဲ့ လက်ရှိ ပရော်ဖက်ရှင်နယ်အသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ပြီး အောင်မြင်သူတွေကို နိုင်ငံကိုယ်စားပြု အားကစားသမားများအဖြစ် ရွေးချယ်သွားဖို့ရှိပါတယ်” လို့ မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တက္ကသိုလ်အသင်းများကို ရွေးချယ်နိုင်ရန် တက္ကသိုလ်တွင်းပြိုင်ပွဲများကိုလည်း ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့ရာ နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်နှင့်ကောလိပ် ၂၉ ခုတို့မှ အသင်းပေါင်း ၂၇၃ သင်းတွင် အားကစားသမားပေါင်း ၁,၀၉၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

အဆိုပါယှဉ်ပြိုင်မှုမှ အနိုင်ရရှိခဲ့ကြသည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ တက္ကသိုလ်အသင်း ၁၆ သင်းတို့ဟာ လာမည့် ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ရန်ကုန်တက္ကသိုလ်အားကစားခန်းမ၌ ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Photo – Dagon University Esports Association

Your Ad Here
Ad Size: 336x280 px

More News