[latest_news_marquee]

ပန်ဒါလေး “အိုက်လျန်” ၏ (၇) နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပ

ချုံချင့်မြို့၊ ယုံချွမ်း (Yongchuan) ဒေသ အပန်းဖြေဥယျာဉ်နှင့် တိရိစ္ဆာန်ရုံ အတွင်း ပန်ဒါလေး “အိုက်လျန်” (Ai Lian) ၏ (၇) နှစ်ပြည့် မွေးနေ့ပွဲကို အောက်တိုဘာ ၂၀ ရက်မှာ ကျင်းပခဲ့ပါတယ်။ တိရိစ္ဆာန်ရုံ တာဝန်ရှိသူများက မွေးနေ့ရှင် ပန်ဒါလေးအတွက် ဝါးမျှစ်၊ ဖရဲသီး၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီးနှင့် စပျစ်သီး စသည့်  အသီးအနှံများဖြင့်  မွေးနေ့အထူး စားသောက်ဖွယ်ရာများကို ဖန်တီးပေးခဲ့ပြီး မွေးနေ့ပွဲလာရောက်သော ပန်ဒါချစ် ပရိတ်သတ်များနှင့်အတူ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့ပွဲလေးကို နွေးထွေးစွာ ပြုလုပ်ခဲ့ပါတယ်။

“အိုက်လျန်” သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ တွင် ယုံချွမ်း တိရိစ္ဆာန်ရုံသို့ ရောက်ရှိလာခဲ့ပြီး ဥယျာဉ်အတွင်းရှိ ပန်ဒါ (၄) ကောင်အနက် တစ်ကောင်တည်းသော ပန်ဒါအထီးလေး ဖြစ်ပါတယ်။ ဒေသခံနှင့် ခရီးသွားအများအပြားကလည်း အိုက်လျန်အတွက် မွေးနေ့ ဆုတောင်းပေးရန် စည်ကားစွာ လာရောက်ခဲ့ကြပါတယ်။

သမိုင်းမှတ်တမ်းများအရ ပန်ဒါများ ကျင်လည်ကျက်စားသည့် ဒေသများတွင် ဒေသခံများက “တောင်စောင့်နတ်”ဟု ခေါ်ဝေါ်တင်စားကာ အလေးအမြတ်ထားကြပြီး မုဆိုးများတွေ့ရှိပါက ရှောင်ကွင်းသွားကြရကြောင်း သိရပါတယ်။ ယခု မျက်မှောက်ခေတ်တွင် ပန်ဒါများသည် တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများကို ချိတ်ဆက်ပေးသော ချစ်ကြည်ရင်းနှီးသော ယဉ်ကျေးမှုတံတားတစ်စင်း တစ်ဖြစ်လည်း “သံတမန်ဆက်ဆံရေးကိုယ်စားလှယ်” ဖြစ်လာပါတယ်။

ပန်ဒါသည် ရှားပါးမျိုးစိတ်တစ်ခုဖြစ်ပြီး တရုတ်ရိုးရာယဉ်ကျေးမှုနှင့် ဆက်စပ်သော ထူးခြား ဝိသေသလက္ခဏာများရှိခြင်းကြောင့် တရုတ်အမျိုးသားရတနာတစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

လက်ရှိတွင် ပန်ဒါများကို စီချွမ်ပြည်နယ်၊ ရှန်ရှီးပြည်နယ် နှင့် ကန်းစုပြည်နယ် တို့၏ တောင်တန်းဒေသများ၌သာ တွေ့ရှိရပြီး သမိုင်းတစ်လျှောက် ၎င်းတို့၏ ကျင်လည်ကျက်စားရာ နယ်မြေသည် တရုတ်နိုင်ငံ၏ ဒေသအများစုနှင့် ပြည်ပအထိပင် လွှမ်းခြုံခဲ့ဖူးသော်လည်း ယနေ့ခေတ်တွင် သဘာဝအတိုင်းပေါက်ဖွားတဲ့ တောရိုင်းပန်ဒါများကို တရုတ်နိုင်ငံ နယ်နိမိတ်အတွင်း၌သာ တွေ့ရှိနိုင်တောကြောင်း သိရပါတယ်။

ချုံချင့်၊ ယုံချွမ်းရှိ အပန်းဖြေဥယျာဉ်နှင့် တိရစ္ဆာန်ရုံအတွင်းမှာ ပန်ဒါလေးများအတွက် စတုရန်း မီတာ တစ်သိန်းကျော် ကျယ်ဝန်း၍ သက်သောင့်သက်သာရှိသော နေထိုင်မှုဧရိယာကို ဖန်တီး ပေးထားပါတယ်။ ဥယျာဉ်အတွင်း၌ “ချင်းဟွာ” (Qing Hua)၊ “ချင်းလူ” (Qing Lu) နှင့် “ချောင်ယွဲ့” (Qiao Yue) ဟု အမည်ရသည့် ပန်ဒါအမ လေး ၃ ကောင် လည်း နေထိုင်လျက် ရှိပါတယ်။

ယခု “အိုက်လျန်” ၏ (၇) နှစ်ပြည့် မွေးနေ့ပွဲတွင် ဥယျာဉ်၏ ပန်ဒါများအပေါ် ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်မှုကို တွေ့မြင်ရပြီး ခရီးသွားများကလည်း ပန်ဒါများကို အနီးကပ် မြင်တွေ့နိုင်ကာ ရှားပါးလာသော ပန်ဒါများကို ကာကွယ်စောင့်ရှောက်ခြင်း၏ အနှစ်သာရကိုလည်း နားလည်သဘောပေါက်စေမှာ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ် : San Li He

Your Ad Here
Ad Size: 336x280 px

More News