[latest_news_marquee]

ပုဂံရှိ ရှေးဟောင်းအဆောက်အအုံအမှတ် (၁၆၇၀)တွင် ၁၃ ရာစုခေတ်လက်ရာ နံရံဆေးရေးပန်းချီများ ဖော်ထုတ်တွေ့ရှိ

အိန္ဒိယနိုင်ငံမှ Archaeological Survey of India (ASI) အဖွဲ့သည် ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံအမှတ် (၁၆၇၀)တွင် ၁၃ ရာစုခေတ်လက်ရာ နံရံဆေးရေးပန်းချီများ ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲမှ သိရပါတယ်။

အဆိုပါ ရှေးဟောင်းအဆောက်အအုံအမှတ် (၁၆၇၀) မဟာဗောဓိဘုရား၏ အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အင်္ဂတေပန်းလက်ရာများ ချေးချွတ်သန့်စင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နံရံပန်းချီ ရှိ၊ မရှိ စမ်းသပ်ကွက်များဖြင့် စမ်းသပ်ခြင်းများကို ပြုလုပ်ခဲ့ပြီး နံရံဆေးရေးပန်းချီ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မဟာဗောဓိဘုရားအပေါ်ထပ် ဂန္ဓကုဋိတိုက်အတွင်းပိုင်း ထုံးသုတ်လွှာအောက်တွင် နံရံပန်းချီ ရှိ၊ မရှိ နမူနာအကွက်ငယ် ၁၃ ကွက်အား စမ်းသပ်ခဲ့ရာ အရှေ့ဘက်နံရံတွင် ထင်ရှားသော နံရံပန်းချီတစ်ကွက်၊ တောင်ဘက်နှင့် မြောက်ဘက်တွင် ဆေးသားမှိန်သည့် နံရံပန်းချီတစ်ကွက်စီဖြင့် စုစုပေါင်း သုံးကွက်တွင် နံရံပန်းချီဆေးသားလွှာများကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

ပုဂံဒေသတွင် ရှေးဟောင်းအဆောက်အအုံပေါင်း ၃၈၃၇ ဆူရှိသည့်အနက် နံရံဆေးရေးပန်းချီရှိသည့် ရှေးဟောင်းအဆောက်အအုံအရေအတွက်မှာ ယခင်က ၄၁၆ ဆူရှိခဲ့သည်ဟု မှတ်တမ်းတင်ခဲ့ပြီး ယခုအခါ ၁၃ ရာစုခေတ် လက်ရာ မဟာဗောဓိဘုရားတွင် နံရံပန်းချီရှိကြောင်း ထပ်မံဖော်ထုတ်တွေ့ရှိခဲ့သဖြင့် နံရံပန်းချီရှိဘုရားတစ်ဆူ ထပ်မံတွေ့ရှိလာခြင်းဖြစ်ပါတယ်။

အလားတူ နံရံဆေးရေးပန်းချီ ထပ်မံတွေ့ရှိလာသည့် မဟာဗောဓိဘုရားအား နိုင်ငံဖြတ်ကျော်ပူးတွဲအဆိုပြု ကမ္ဘာ့အမွေ အနှစ်စာရင်းတင်သွင်းရန် စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် ၎င်းဘုရားရှိ နံရံပန်းချီများ ပြန်လည်ဖော်ထုတ်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News