[latest_news_marquee]

ပေကျင်း၏ “ကျေးရွာ” တစ်ခုမှ အနာဂတ်ဝင်ပေါက်ကို ရှာဖွေတွေ့ရှိခြင်း

မြေနေရာ တစ်လက်မမျှ မလွတ်အောင် တန်ဖိုးကြီးမားသည့် ပေကျင်းမြို့တွင် ပေကျင်းယိကျွမ်း (Beijing Yizhuang) မြို့သစ်သည် နည်းပညာဆန်းသစ်တီထွင်မှု သိပ်သည်းစွာနှင့် စက်မှုလုပ်ငန်း ထုတ်လုပ်မှုစွမ်းအားကို အမြင့်ဆုံးအဆင့်ထိ မြှင့်တင်နိုင်ခဲ့ပါသည်။

မြို့တော်တစ်ခုလုံးရဲ့ မြေနေရာ ၁ ဒသမ ၃၇ ရာခိုင်နှုန်းနဲ့တင် စက်မှုလုပ်ငန်း ထုတ်လုပ်မှုတန်ဖိုး စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးကို ပံ့ပိုးပေးနိုင်ခဲ့ပါသည်။

ဇူလိုင် ၂၇ ရက်နေ့က ကျင်းပခဲ့သည့် “မြို့တော်၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း စတင်ခြင်း” သတင်းစာရှင်းလင်းပွဲ၌ ပေကျင်း စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုန် (ပေကျင်းယိကျွမ်း) အထူးကဏ္ဍတွင် ပေကျင်းယိကျွမ်း ပါတီကော်မတီအတွင်းရေးမှူး ခွန့်လဲ့ (Kong Lei) က “၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အပြီး ယိကျွမ်းမြို့သစ်၏ ဒေသတွင်း စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (GDP) သည် ယွမ်ဘီလီယံ ၄၀၁ ဒသမ ၂ အထိ ရှိလာပြီး နှစ်စဉ်ပျမ်းမျှ ၁၂ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ စက်မှုလုပ်ငန်း ထုတ်လုပ်မှုတန်ဖိုး စုစုပေါင်းမှာ ယွမ်ဘီလီယံ ၇၀၀ နီးပါးရှိခဲ့ကြောင်း တင်ပြသွားခဲ့ပါသည်။

ကိန်းဂဏန်းများထက် ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းသည်မှာ လက်ရှိဖြစ်ပေါ်နေသော အောင်မြင်မှုများဖြစ်ပါသည်။ ဇူလိုင် ၁၀ ရက်နေ့က Long March 10B ဒုံးပျံ၏ ပထမအဆင့်သည် ကမ္ဘာ့ပထမဆုံး ပိုက်ကွန်စနစ်ဖြင့် ဒုံးပျံပြန်လည်သိမ်းဆည်းမှု (Rocket net recovery) ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါသည်။ ကီလိုမီတာ နှစ်ထောင်ကျော်ကွာဝေးသော ယိကျွမ်း၏ “Rocket Street” (ဒုံးပျံလမ်းမ) ထဲတွင် လက်ခုပ်သံများ သောသောညံသွားခဲ့ပါသည်။ ထိုလမ်းမပေါ်တွင် အာကာသနည်းပညာကုမ္ပဏီ ၂၂၀ ကျော် စုစည်းတည်ရှိပြီး ဒုံးပျံတစ်စင်းလုံး တည်ဆောက်သည့် လုပ်ငန်းများ၏ ၇၅ ရာခိုင်နှုန်းသည် ထိုနေရာတွင် တည်ရှိပါသည်။

၁၇ ရက်အကြာတွင် ChangXin Technology သည် STAR Market စတော့အိတ်ချိန်းတွင် စာရင်းဝင်ခဲ့ပြီး ပထမဆုံးနေ့၌ပင် စတော့ဈေးနှုန်း ၄၆၅ ဒသမ ၈၂ ရာခိုင်နှုန်းအထိ ထိုးတက်သွားကာ STAR Market ၏ အကြီးမားဆုံး IPO ဖြစ်လာခဲ့ပါသည်။ ထိုကုမ္ပဏီ၏ ပေကျင်းစက်ရုံသည် လွန်ခဲ့သော ၁၀ နှစ်ကတည်းက ယိကျွမ်းတွင် ယွမ်ဘီလီယံ ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံ အခြေစိုက်ခဲ့ခြင်းဖြစ်ပါသည်။

လူအတော်များများက “ယိကျွမ်းဟာ ဘာလို့ ဒီလောက်အထိ အောင်မြင်တာလဲ” ဟု မေးကြစမြဲဖြစ်သည်။ ယိကျွမ်း၏ အကြောင်းကို ဆန်းသစ်တီထွင်မှုများဖြင့် စတင်ပြောရမည်ဖြစ်ပြီး ရရှိထားသော အချက်အလက်များမှာ အံ့မခန်းစွမ်းဆောင်ရည်ကို ပြသနေပါသည်။ Integrated circuit (IC) စက်ကိရိယာစက်မှုလုပ်ငန်းမှာ တစ်နိုင်ငံလုံးတွင် အဆင့် ၁ နေရာ၌ ခိုင်မာစွာရပ်တည်နေပြီး နည်းပညာစမ်းသပ်မှု ပလက်ဖောင်း စုစုပေါင်း၏ လေးပုံတစ်ပုံသည် ယိကျွမ်းတွင် တည်ရှိကာ မြို့တော်အဆင့် သုတေသနအဖွဲ့အစည်းပေါင်း ၄၀၀ ကျော် ရှိပါသည်။

ထို့ကြောင့်ပင် ကမ္ဘာ့ပထမဆုံး လူတူရိုဘော့များ၏ မာရသွန်ဝက်ပွဲစဉ်များ ဖြစ်ပေါ်လာခဲ့သလို ရိုဘော့ 4S အရောင်းဆိုင်များ၊ ရိုဘော့စားသောက်ဆိုင်များနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးစခန်းများ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်ပါသည်။ ထို့အပြင် မောင်းသူမဲ့မော်တော်ယာဉ် စမ်းသပ်နယ်မြေကို အဆင့် 4.0 အထိ မြှင့်တင်နိုင်ခဲ့ပြီး စမ်းသပ်ယာဉ်ပေါင်း ၁,၅၀၀ ကျော်ဖြင့် မောင်းနှင်သည့် မိုင်ပေါင်း ၆၂ သန်းကျော် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

ပေကျင်း စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုန် စီမံခန့်ခွဲရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဝမ်လဲ့ (Wang Lei) ၏ စကားဖြင့် ပြောရလျှင် “မြို့တစ်မြို့လုံးကို အနာဂတ်စက်မှုလုပ်ငန်းများ စမ်းသပ်ထုတ်လုပ်ရာ မြို့တော်အဆင့် စမ်းသပ်ကွင်းကြီးအဖြစ် အသုံးပြုနေခြင်း” ဖြစ်ပါသည်။ နည်းပညာသစ်များသည် ဓာတ်ခွဲခန်းများထဲတွင်သာ ပိတ်မိမနေဘဲ မြေနေရာ တစ်လက်မမျှ မလွတ်အောင် တန်ဖိုးကြီးမားသည့် ပေကျင်းတွင် နည်းပညာဆန်းသစ်တီထွင်မှု သိပ်သည်းစွာနှင့် စက်မှုလုပ်ငန်း ထုတ်လုပ်မှုစွမ်းအားကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ပေးနိုင်ခဲ့ပါသည်။

ဆန်းသစ်တီထွင်မှု၏ နောက်ကွယ်တွင် လုပ်ငန်းရှင်နှင့် အစိုးရ ဟူသော “လက်နှစ်ဖက်” ၏ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှု ရှိနေပါသည်။ လုပ်ငန်းရှင်များက ရှေ့တန်းမှ ဦးဆောင်ထိုးဖောက်ကြပြီး လွန်ခဲ့သော ၅ နှစ်အတွင်း ယိကျွမ်းရှိ စီးပွားရေးလုပ်ငန်းများ၏ သုတေသနနှင့် ဖွံ့ဖြိုးရေး (R&D) ရင်းနှီးမြှုပ်နှံမှုသည် နှစ်စဉ် ၁၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တန်ဖိုးမြင့် တီထွင်ဖန်တီးမှု မူပိုင်ခွင့်ပေါင်း ၁၇,၀၀၀ ထိ ရရှိခဲ့ပါသည်။ လက်ရှိတွင် အမျိုးသားအဆင့် နည်းပညာမြင့်လုပ်ငန်းပေါင်း ၂,၃၀၀ ကျော်နှင့် အမျိုးသားအဆင့် အထူးပြုစွမ်းရည်မြင့် “Little Giant” စီးပွားရေးလုပ်ငန်း ၁၉၀ အထိ ရှိလာခဲ့ပါသည်။

အစိုးရက အနောက်မှ စွမ်းအားဖြည့်တင်းထောက်ပံ့ပေးပါသည်။ ယိကျွမ်း၏ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာရင်းနှီးမြှုပ်နှံမှုကို “၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ၏ ယွမ် ၅ ဘီလီယံမှ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” တွင် ယွမ် ဘီလီယံ ၁၀ အထိ တိုးမြှင့်ခဲ့ပါသည်။ အစိုးရ၏ လမ်းညွှန်ရန်ပုံငွေ ယွမ် ဘီလီယံ ၂၀ အပြင် စက်မှုလုပ်ငန်း ရန်ပုံငွေအသစ် ၄ ခုကို ဖွဲ့စည်း၍ ယွမ် ဘီလီယံ ၂၀ ထပ်မံရင်းနှီးမြှုပ်နှံခဲ့ရာ ထိုအထဲမှ ယွမ် ၃ ဘီလီယံကို အနာဂတ်စက်မှုလုပ်ငန်းများအတွက် သီးသန့် အသုံးပြုမည်ဖြစ်ပါသည်။ ထို့အပြင် အချက်အလက်ဆိုင်ရာဘောက်ချာ (Data vouchers)၊ ကွန်ပျူတာတွက်ချက်မှုဆိုင်ရာဘောက်ချာ (Computing power vouchers) နှင့် AI မော်ဒယ်ဆိုင်ရာဘောက်ချာ (Model vouchers) များကိုလည်း တစ်နှစ်လျှင် ယွမ် သန်း ၁၀၀ စီ ထုတ်ပေးလျက်ရှိပါသည်။

ထို့ထက်မက ပိုမိုနက်ရှိုင်းသော အကြောင်းရင်းမှာ စည်းမျဉ်းစည်းကမ်းများ၏ အတားအဆီးကို ရဲဝံ့စွာ ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ပေကျင်းယိကျွမ်းသည် “ပထမဆုံး  စွန့်စားလုပ်ကိုင်သူ” အဖြစ် ရဲဝံ့စွာ ဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံး၏ ပထမဆုံး ဒေသဆိုင်ရာ 6G စက်မှုလုပ်ငန်း မူဝါဒ၊ “ကွမ်တမ်နည်းပညာဆိုင်ရာ မူဝါဒစည်းမျဉ်း ၁၀ ချက်” နှင့် ကုန်ထုတ်စွမ်းအားသစ်များအတွက် “Sandbox Approval” (စမ်းသပ်မှုဆိုင်ရာ ခွင့်ပြုချက်) စသည်တို့သည် ဒီနေရာမှပင် စတင်ခဲ့ခြင်းဖြစ်ပါသည်။ ဖွံ့ဖြိုးရေးဇုန် Version 2.0 ပြုပြင်ပြောင်းလဲမှုအောက်တွင် ပထမဆုံးအကြိမ် ဆန်းသစ်တီထွင်မှု လုပ်ဆောင်ချက်ပေါင်း ၂၀ ကျော်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

ပြန်ကြည့်မည်ဆိုလျှင် ပေကျင်းယိကျွမ်း၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှာ အလွန်ရှင်းလင်းပါသည်။ ၎င်းသည် လယ်ယာမြေအဆင့်မှ စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုန်ဖြစ်လာခဲ့ပြီး ထိုမှတစ်ဆင့် မြို့သစ်အဖြစ်သို့ ကူးပြောင်းလာခဲ့ပါသည်။ နှစ်ပေါင်း ၃၀ ကျော်အတွင်း ဤ “ကျေးရွာ” သည် မိမိ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို စဉ်ဆက်မပြတ် သစ်လွင်အောင် ပြုပြင်လာခဲ့ပါသည်။

ပိုမိုကြီးမားသော ပန်းတိုင်များက နောက်တွင် ကျန်ရှိနေပါသေးသည်။ ၂၀၃၀ ပြည့်နှစ်တွင် ယိကျွမ်းသည် ယွမ် ဘီလီယံ ၁၀၀ တန် စက်မှုလုပ်ငန်းစု ၈ ခုကို စတင်ပုံဖော်မည်ဖြစ်ပြီး စက်မှုလုပ်ငန်း ထုတ်လုပ်မှုတန်ဖိုး စုစုပေါင်းကို ယွမ် ၁ ထရီလီယံအထိ ရောက်ရှိရန် ဦးတည်ထားပါသည်။

ပင်မရည်မှန်းချက်တစ်ခုမှာ ကုန်ထုတ်စွမ်းအားသစ်များ၏ စံပြဇုန်တစ်ခု ဖြစ်လာစေရန်ဖြစ်ပါသည်။ ၎င်းကို စက်မှုလုပ်ငန်းစနစ်တစ်ခုလုံး၏ စုပေါင်းအားဖြင့် ဖော်ဆောင်မည်ဖြစ်သည်။ ထိုအထဲတွင် ဥာဏ်ရည်တု (Artificial Intelligence – AI) သည် အဓိကမောင်းနှင်အား ဖြစ်ပါသည်။ စီမံကိန်းများအရ ၂၀၃၀ ပြည့်နှစ်တွင် မြို့တစ်မြို့လုံး၏ Intelligent Computing စွမ်းရည်သည် 100,000 P အထိ ရောက်ရှိမည်ဖြစ်ပြီး သတ်မှတ်ပမာဏရှိ စက်ရုံများ၏ AI အသုံးပြုမှုနှုန်းမှာ ၆၀ ရာခိုင်နှုန်းကျော်အထိ ရှိလာမည်ဖြစ်ပြီး AI ပင်မစက်မှုလုပ်ငန်း ပမာဏကို ယွမ် ဘီလီယံ ၂၀၀ ကျော်အထိ ရောက်ရှိစေရန် ကြိုးပမ်းသွားမည်ဖြစ်ပါသည်။

AI ခေတ်၏ ပြိုင်ဆိုင်မှုဆိုသည်မှာ အောက်ခြေစွမ်းဆောင်ရည်၊ အဓိက Hardware များ၊ အခြေခံ Software များ၊ အဓိကအချက်အလက်များ၊ အသုံးချမှုဝန်းကျင်နှင့် စီမံခန့်ခွဲမှုစွမ်းရည်တို့၏ ကွင်းဆက်တစ်ခုလုံးဆိုင်ရာ စနစ်တကျ ပြိုင်ဆိုင်မှုပင်ဖြစ်ပါသည်။

ပိုမိုများပြားသော ထွက်ပေါ်စ စက်မှုလုပ်ငန်းများလည်း လမ်းကြောင်းပေါ်တွင် ရှိနေပါသည်။ ပင်မဦးဆောင်စက်မှုလုပ်ငန်း ၃ ခု ဖြစ်သည့် IC ချစ်ပ်များ၊ ဆေးဝါးနှင့် ကျန်းမာရေးနှင့် စမတ်ချိတ်ဆက်မော်တော်ယာဉ်တို့မှသည် သစ်လွင်သော မဏ္ဍိုင်ကြီး ၄ ခု ဖြစ်သည့် ရိုဘော့တစ်၊ စမတ်စက်ပစ္စည်းများ၊ အာကာသနည်းပညာ၊ အဆင့်မြင့်စွမ်းအင်တို့ အပြင် ကြိုတင်ပြင်ဆင်ထားသော 6G၊ ကွမ်တမ်သတင်းအချက်အလက်၊ ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်မှု (Brain-computer interface) နှင့် နျူကလီးယား ပေါင်းစပ်စွမ်းအင် (Fusion energy) တို့အထိ ပါဝင်ပါသည်။ ပေကျင်းယိကျွမ်း၏ အဆင့်ဆင့် တိုးတက်လာသော စက်မှုလုပ်ငန်းစဉ်များနှင့် တိကျသော ပန်းတိုင်များက ရည်မှန်းချက်ပုံရိပ်များကို ပိုမိုခိုင်မာစေပါသည်။ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကာလအတွင်း ခရီးသည်တင် မော်တော်ယာဉ် နှစ်စဉ် ထုတ်လုပ်မှု ပမာဏ ၁ ဒသမ ၃ သန်းအထိ ရောက်ရှိရန်၊ ရိုဘော့ ထုတ်လုပ်မှုစွမ်းအားမှာ အစီးရေ ၅၀၀,၀၀၀ အထိ ရောက်ရှိရန်၊ အာကာသနည်းပညာကဏ္ဍတွင် “လုပ်ငန်းပေါင်း ၁,၀၀၀ ချိတ်ဆက်ရန်၊ ဂြိုဟ်တု ၁,၀၀၀ ဂြိုဟ်ပတ်လမ်းကြောင်းသို့ လွှတ်တင်ရန်၊ ဝင်ငွေယွမ် ဘီလီယံ ၁၀၀ ရရှိရန်” ရည်မှန်းထားကာ ‘ယိကျွမ်းမှ စတင်မိတ်ဆက်သည့်’ AI စမတ်စက်ပစ္စည်း အရေအတွက် ၁,၀၀၀ အထိ ရောက်ရှိရန် ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

ကုန်ထုတ်စွမ်းအားသစ်ဆိုသည်မှာ အမှန်တကယ်တွင် မည်သို့သော ပုံသဏ္ဌာန်မျိုးဆိုသည်ကို လူအများသည် ပေကျင်းယိကျွမ်းတွင် အဖြေကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်ပါသည်။

သတင်းအရင်းအမြစ် : San Li He

Your Ad Here
Ad Size: 336x280 px

More News