[latest_news_marquee]

ပဲခူးတိုင်းမှာ ငါးမွေးမြူရေးကန်များ၊ ငါးပိငါးခြောက် လုပ်ငန်းများရှိနေပြီး ရေထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိ

ပဲခူးတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးကန် ဧက ၃၀,၀၀၀  ကျော်ရှိပြီး မွေးမြူထုတ်လုပ်မှု တစ်နှစ်ထက်တစ်နှစ် တိုးတက်လာကြောင်းနှင့် လက်ရှိ လည်ပတ်မှုရှိနေတဲ့ ငါးပိငါးခြောက် ထုတ်ကုန်လုပ်ငန်းများအပြင် ရေထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိနေကြောင်း  ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရပါတယ်။

အဆိုပါ တိုင်းဒေသကြီးအတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းများမှ ဒေသတွင်းစားသုံးမှုဖူလုံပြီး ပြည်ပသို့ တင်ပို့နိုင်သည်အထိ မွေးမြူထုတ်လုပ်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။ 

“ရေထွက်ကုန်ဖူလုံပြီး ပိုလျှံတာကို နေပြည်တော်နဲ့ ရန်ကုန်ကို တင်ပို့နေပါတယ်။ ရေချိုထွက်ကုန် တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်မွေးမြူထုတ်လုပ်နိုင်လာတာက အားရစရာပါ။ လက်ရှိမှာ ငါးခြောက်လုပ်ငန်း၊ ငါးပိလုပ်ငန်း၊ ငါးပိကို အခြောက်ကနေ အမှုန့်ပြုလုပ်ထားတဲ့ အသင့်စားလုပ်ငန်း၊ ငါးပိထောင်းလုပ်ငန်း၊ ငါးရံ့ခြောက်လုပ်ငန်းတွေ ရှိနေပါတယ်။ ငါးကို တန်ဖိုးမြှင့်ထုတ်လုပ်တဲ့ စက်ရုံမရှိသေးတဲ့အတွက် တိုင်းဒေသကြီးအစိုးရရဲ့ အားပေးမှုနဲ့ အအေးခန်းစက်ရုံတွေတည်ထောင်ပြီး တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်အောင် ကြိုးစားနေပါတယ်” လို့  ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ပဲခူးတိုင်းဒေသကြီး ငါးမွေးမြူရေးလုပ်ငန်း၊ အင်းလုပ်ငန်းနှင့် ဘုံငါးဖမ်းလုပ်ငန်းတို့မှ ရေထွက်ပစ္စည်းများ မွေးမြူထုတ်လုပ်လျက်ရှိရာ ရေထွက်ကုန်ကဏ္ဍသုံးရပ်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ စုစုပေါင်း ၁,၄၇၄,၈၅၀ ဒသမ ၅၃၁ ပိဿာ ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးကန် ဧက ၃၀,၀၀၀ ကျော်တွင် ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါးမုတ်၊ ငါးတန်(ငါးဒန်)၊  ငါးသိုင်းခေါင်းပွ၊ ငါးခုံးမကြီးနှင့် တီလားဗီးယားတို့ကို စီးပွားဖြစ်မွေးမြူထုတ်လုပ်လျက်ရှိကြောင်း၊ ဒါ့အပြင် နိုင်ငံခြားငွေ တိုးမြှင့်ရရှိစေမည့် ငါးရံ့နှင့် ငါးကျည်း ရေထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း  ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News