ရွှေပြည်သာ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း/ အရှေ့ပိုင်း နှင့် တောင်ပိုင်း)မြို့နယ်များ၌ မြေနေရာရရှိသည့်နေရာများတွင် ပျံကျဈေးများအတွက် ဈေးသစ်များ ဖော်ဆောင်ရန် စီမံချက်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးမြင့်အောင်က ဩဂုတ် ၁၉ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
“ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အလိုက် လမ်းအလိုက် ဈေးရောင်းချသူများကို စာရင်းပြုစုထားပြီး လမ်းဘေးပျံကျဈေးသည်များ ဈေးအတွင်း စည်းကမ်းတကျ ဈေးရောင်းချမှုရှိပါက ကနဦးအနေဖြင့် ငွေရပြေစာ၊ ကတ်ပြား တို့ဖြင့် လည်းကောင်း၊ ဈေးရုံဆောက်လုပ်ပြီးပါက မှတ်ပုံတင်ဆိုင်ခန်း အဖြစ်လည်းကောင်း စနစ်တကျတရားဝင် မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါတယ်”လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် လမ်းများပေါ်တွင် စည်းကမ်းမဲ့ ဈေးရောင်းချနေသော လမ်းဘေးပျံကျဈေးသည်များအနက် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်မှ ၂၀၂ ဦး၊ လှိုင်မြို့နယ် စက်မှုဇုန် (၁)လမ်းမှ ၅၁ ဦး၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုတံတားအနီး အမှတ်(၂)လမ်းမကြီးဘေးမှ ၁၈၃ ဦးအား သက်ဆိုင်ရာမြို့နယ်များမှ နီးစပ်ရာ ဈေးများတွင် နေရာချထားပေးခဲ့တယ်လို့ သိရပါတယ်။ ယင်းနည်းတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ကေတုမတီလမ်းပေါ်မှ ၂၂၄ ဦး၊ မင်းရဲကျော်စွာလမ်းပေါ်မှ ၄၂ ဦး၊ သာကေတမြို့နယ် ပဒုမ္မာလမ်းပေါ်မှ ၂၀၁ ဦး၊ နွယ်နီလမ်းပေါ်မှ ၁၄၃ ဦး၊ သာကေတ အမှတ် (၂)ဈေးပတ်လမ်း ပေါ်မှ ၄၃ ဦး၊ ဒေါပုံမြို့နယ် ဓမ္မာရုံလမ်းပေါ်မှ ၃၇ ဦးအား မြို့နယ်အတွင်းမှ ဈေးအချို့သို့ လည်းကောင်း၊ ဒလမြို့နယ် ကန်သာယာလမ်းပေါ်မှ ၂၆ ဦး၊ တွံတေး – ဒလလမ်းပေါ်မှ ၂၂၀ ဦးတို့အား မြို့နယ်အတွင်းက ဈေးများတွင်လည်းကောင်း နေရာချထားပေးခဲ့ကာ စုစုပေါင်း ပျံကျဈေးသည် ၁၁၈၇ ဦးကို ဈေးများအတွင်း နေရာချထား၍ စနစ်တကျ ဈေးရောင်းချနိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ထို့အတူ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ညောင်ကျေးရွာ၊ ဗိုလ်တေဇလမ်းမှ ၅၁၈ ဦးအား ညောင်ရွာဈေးတွင်လည်းကောင်း၊ ရပ်ကွက်ကြီး(၁) ဗိုလ်အောင်ကျော်လမ်းမှ ၃၄၈ ဦးအား ထွန်းသီရိဈေးတွင်လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ် ခီဝေလမ်းပေါ်မှ ၃၄၀ ဦးအား အမှတ်(၂)ဈေးတွင်လည်းကောင်း၊ ခေမာကျောင်းလမ်းမှ ၅၀၀ ဦးအား (၄)ဈေးတွင်လည်းကောင်း၊ သုဓမ္မာလမ်းမှ ၈၂ ဦးအား သုဓမ္မာဈေးတွင်လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပုလဲလမ်းနှင့် အောင်ဇေယျလမ်းမှ ၆၀ ဦးအား ဒဂုံသီရိဈေးတွင်လည်းကောင်း၊ စုစုပေါင်း ၁၉၄၈ ဦးကို ဈေးများအတွင်း နေရာချထား၍ စနစ်တကျ ဈေးရောင်းချနိုင်ရေး ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် လမ်းဘေးဈေးသည်နှင့် ပျံကျဈေးသည်များကို သန့်ရှင်းရေးနှင့်အစားအသောက် ဘေးကင်းလုံခြုံရေးစံနှုန်းများပါဝင်သည့် စနစ်တကျစီမံခန့်ခွဲရေးအစီအစဉ်များနှင့် ပတ်သက်၍ ကော်မတီ၏ ကျန်းမာရေးဌာန အဆင့်ဆင့်မှ စစ်ဆေးအသိပညာပေးခြင်း၊ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းနှင့် အခါအားလျော်စွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့နယ်အလိုက်၊ လမ်းအလိုက်ပြည်သူကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့လည်း တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာနမှ သိရပါတယ်။






