၂၀၂၅ – ၂၀၂၆ ခုနှစ်တွင် ကြံကြိတ်ရာသီကုန်သည့် မေလအထိမြန်မာနိုင်ငံတွင် သကြားတန်ချိန် ၄ သိန်းခန့်ထုတ်လုပ်နိုင်ခဲ့ပြီးယခင်နှစ်ကထက် သကြားထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်းကျော် လျော့နည်းကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
ထိုသို့ သကြားထုတ်လုပ်မှုကျဆင်းရခြင်းမှာ ပြည်တွင်းစားသုံးမှုလျော့ကျလာခြင်းနှင့် အချို့သောဒေသများတွင် နယ်မြေအခြေအနေများကြောင့် ကြံအားလုံးကိုအချိန်မီမကြိတ်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်တယ်လို့ အဆိုပါအသင်းရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ပြည်တွင်းမှာ နှစ်စဉ် သကြားစားသုံးမှုတန်ချိန် ၃ သိန်းခန့်ရှိပြီး ကျန်ပမာဏကို ပြည်ပသို့တင်ပို့လျက်ရှိရာမှ ၂၀၂၅ ခုနှစ်တွင် မြန်မာ့သကြားပို့ကုန် တန်ချိန် ၉၀,၀၀၀ ကျော်ရှိခဲ့ပေမယ့် လက်ရှိမှာကမ္ဘာ့သကြားဈေးနှုန်းကျဆင်းနေခြင်းကြောင့် ယခုနှစ် ပို့ကုန်ပမာဏဟာယခင်နှစ်ကထက် ပို့မိုလျော့ကျနိုင်တယ်လို့လည်း ၎င်းကခန့်မှန်းထားကြောင်း သိရပါတယ်။
ထို့အပြင် ကမ္ဘာ့သကြားဈေးနှုန်းမှာယခင်နှစ်ကသကြားတစ်တန်ကိုအမေရိကန်ဒေါ်လာ ၄၅၀ ဝန်းကျင်ရှိခဲ့ရာကလက်ရှိတွင် ကန်ဒေါ်လာ ၄၀၀ ခန့်သာပေါက်ဈေးရှိနေတာကြောင့် ကမ္ဘာ့သကြားဈေးကျဆင်းမှုနဲ့အတူမြန်မာ့သကြားပို့ကုန်လျော့ကျနိုင်ပြီးအကျိုးဆက်အနေဖြင့် ပြည်တွင်းသကြားဈေးနှုန်းများလည်း ဆက်လက်ကျဆင်းနေတယ်လို့လည်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းထံမှ သိရပါတယ်။

ပြည်တွင်းသကြားဈေးကွက်အတွင်း၌ ယခင်နှစ်က သကြားတစ်ပိဿာကိုငွေကျပ် ၄,၀၀၀ ဝန်းကျင်ပေါက်ဈေးရှိခဲ့ရာကလက်ရှိမှာငွေကျပ် ၃,၆၀၀ ခန့်သာပေါက်ဈေးရှိနေကြောင်းနှင့် သကြားဈေးနှုန်းကျဆင်းမှုဟာသကြားစက်ရုံများ၏ ဝင်ငွေနှင့် လုပ်ငန်းလည်ပတ်မှုအပေါ်သာမက ကြံဝယ်ယူဈေးများလည်းသက်ရောက်မှုနေတယ်လို့ သိရပါတယ်။
ထို့သို့ ကြံဝယ်ဈေးများကျဆင်းမှုရှိလာပါကကြံစိုက်တောင်သူများ၏ ဝင်ငွေလျော့ကျလာနိုင်သလိုလာမည့်နှစ်တွင် ကြံစိုက်တောင်သူများ၏ ကြံစိုက်ဧကလျော့ကျလာနိုင်သည့် အလားအလာရှိကြောင်းလည်း ၎င်းကသုံးသပ်ပြောကြားထားပါတယ်။
ယခုနှစ် ကြံစိုက်ရာသီအပြီးကမ္ဘာ့သကြားဈေးကွက်ပြန်လည် ကောင်းမွန်လာပါက ပြည်တွင်းသကြားဈေးနှုန်းများလည်းပြန်လည် တည်ငြိမ်လာနိုင်မှာဖြစ်သလို ကြံစိုက်တောင်သူများနှင့် သကြားလုပ်ငန်းတစ်ခုလုံးပြန်လည်ကောင်းမွန်လာနိုင်မည်ဟုလည်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတွင် ကြံကို ရေသွင်းစိုက်ပျိုးခြင်းနှင့် မိုးစိုက်စနစ်ဟူ၍ စိုက်ပျိုးရာသီနှစ်မျိုးခွဲခြားထားပြီး ရေသွင်းစိုက်ကြံကိုဆောင်းရာသီတွင် ဖေဖော်ဝါရီလဆန်းမှ ဧပြီလနှင့် မေလကုန်အထိလည်းကောင်း၊ မိုးရာသီစိုက်ကြံကို ဩဂုတ်လမှ စက်တင်ဘာလလယ်အထိလည်းကောင်းစိုက်ပျိုးကြကာကြံစိုက်တောင်သူပေါင်း ၃ သိန်းကျော်အထက်မှာရှိပြီးနှစ်စဉ်ပျမ်းမျှကြံစိုက်ဧကပေါင်း ၄ ဒသမ ၅ သိန်းကျော်လောက်ကိုစိုက်ပျိုးနေကြောင်းနှင့် ယင်းစိုက်ပျိုးမှုကနေသကြားထုတ်လုပ်မှုဟာလည်း နှစ်စဉ်ပျမ်းမျှ တန်ချိန်ပေါင်း ၄ သိန်းခွဲမှ ၅ သိန်းကြားရှိနေတယ်လို့ သိရပါတယ်။
Photos – MOI






