ပြည်ပမှ ခွင့်ပြန် မြန်မာ အလုပ်သမားများအတွက် အလုပ်ရှင်၏ခွင့်စာနှင့် သံရုံးထောက်ခံချက် တင်ပြရမှုကို အောက်တိုဘာ ၁၀ ရက်နေ့မှ စတင် ဖြေလျှော့ပေးထားကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ထုတ်ပြန် အသိပေးထားပါတယ်။
အဆိုပါအသိပေးချက်အရ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ရောက်ရှိလာသည့် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် အလုပ်သမားများသည် ခွင့်ကာလပြီးဆုံး၍ ပြည်ပနိုင်ငံများသို့ ပြန်လည်ထွက်ခွာချိန်တွင် သတ်မှတ်ထားသည့် အထောက်အထားများကို မပျက်မကွက်တင်ပြရမည်ဖြစ်ပါတယ်။
အဆိုပါသတ်မှတ်အထောက်အထားများအနက် ယခင်ကြေညာထားသော အလုပ်ရှင်၏ခွင့်စာနှင့် သက်ဆိုင်ရာနိုင်ငံသံရုံး၏ ထောက်ခံချက်များတင်ပြရမည်ကို ဖြေလျှော့ပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ထိုကြောင့် ခွင့်ပြန်အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာချိန်တွင် မပျက်မကွက်တင်ပြရမည့် အထောက်အထားများဖြစ်သည့် နိုင်ငံကူးလက်မှတ်၊ သက်တမ်းရှိ အလုပ်လုပ် ခွင့်ပါမစ်/Visa မိတ္တူ၊ အနည်းဆုံးသက်တမ်းတစ်နှစ်ရှိသည့် OWIC ကတ်ရှေ့နောက်(မိတ္တူ) ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ရိုက်နှိပ်ထားသည့် ပြည်ပ ထွက်ခွာခွင့်နှင့် ပြည်ဝင်ခွင့် တံဆိပ်တုံးများပါရှိသည့် နိုင်ငံကူးလက်မှတ်စာမျက်နှာ(မိတ္တူ)၊ လေယာဉ်လက်မှတ် (မိတ္တူ)၊ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း တရားဝင်လွှဲပို့ခဲ့သည့် အနီးဆုံး (၃) လစာ အသေးစိတ်အထောက်အထားများ၊ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအား (၁) နှစ်စာပေးဆောင်ခဲ့သည့် အထောက်အထား၊ ရောက်ရှိကြောင်း သတင်းပို့ပုံစံတို့သာလိုအပ်ကြောင်း သိရပါတယ်။
Photo – Safe Migration/MOI






