ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ကားပေါ်သို့ သစ်ပင်လဲကျရာမှ ယာဉ်ပေါ်ပါ ၂ ဦးအနက် ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ပြီး ကျန် တစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည် မိုးစေတနာ ပရဟိတအသင်း – ရန်ကုန်မှ သိရပါတယ်။
“ဖြစ်စဉ်က ယာဉ်မောင်းနေစဉ်မှာဖြစ်ပွားခဲ့တာပါ။ ယာဉ်ရဲ့ ခေါင်းခန်းပေါ်ကို သစ်ပင်ပြိုကျတော့ ယာဉ်မောင်း တစ်ဦးက ညပ်ပြီး သေဆုံးခဲ့တာပါ”လို့ မိုးစေတနာ ပရဟိတအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ယနေ့ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းတွင် ကားပေါ်သို့ သစ်ပင်လဲပြီး လူညပ်နေကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မေတ္တာအလင်း(ဗဟန်း) ပရဟိတအသင်းယာဉ်နှင့် မိုးစေတနာ ပရဟိတအသင်း – ရန်ကုန်မှ တို့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးခဲ့သည့် ယာဉ်မောင်းအမျိုးသားအား မေတ္တာစေတနာ(ဗဟန်း)ပရဟိတ အသင်းယာဉ်ဖြင့် လည်းကောင်း၊ ဒဏ်ရာရရှိသူ အမျိုးသားကို မေတ္တာအလင်း(ဗဟန်း) ပရဟိတအသင်းယာဉ်ဖြင့်လည်းကောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။
Photos – MFSD






