[latest_news_marquee]

ဗဟိုဘဏ်မှ ချေးငွေရယူရန် ကျပ် ၂၁၀၀ ဘီလီယံလျာထားမှုအပေါ် လွှတ်တော် အတည်ပြု

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ဗဟိုဘဏ်ထံမှ အစိုးရငွေတိုက်လက်မှတ်များ အာမခံပေး၍ ချေးငွေရယူရန် ကျပ် ၂၁၀၀ ဘီလီယံလျာထားမှုအပေါ် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ ထောက်ခံဆန္ဒမဲများသည့်အတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်ပါတယ်။

အဆိုပါကိစ္စနှင့်ပတ်သက်လို့ အောက်တိုဘာ ၁၄ ရက်က ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ချုပ်ဆိုထားသည့် သဘောတူညီချက်အရ အစိုးရငွေတိုက်လက်မှတ်များအပေါ် အတိုးနှုန်း ၄ ရာခိုင်နှုန်းဖြင့် ဗဟိုဘဏ်က ဝယ်ယူသည့်နည်းလမ်းဖြင့် ဖြည့်ဆည်းသွားမှာဖြစ်ပြီး ပြန်လည်ပေးဆပ်မည့် အချိန်ဇယားနှင့် ပတ်သက်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ(၉၃)ပါ ပြဋ္ဌာန်းချက်အတိုင်းဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ထို့အပြင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သည့် ငွေကြေးမူဝါဒကော်မတီတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးပါဝင်ပြီး လစဉ်အစည်းအဝေးများပြုလုပ်ကာ မူဝါဒများကို ဟန်ချက်ညီညီ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ လိုငွေအနက် ခန့်မှန်းချက်အရ ငွေကျပ် ၂၁၀၀ ဘီလီယံအတွင်း လိုအပ်ပါက ဗဟိုဘဏ်မှ အစိုးရငွေတိုက်လက်မှတ်များ ဝယ်ယူခြင်းဖြင့် ဖြည့်ဆည်းနိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ(၉၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုပေးပါရန် ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဗဟိုဘဏ်ချေးငွေကြောင့် ငွေကြေးဖောင်းပွမှု၊ တန်ဖိုးကျဆင်းမှုအပေါ် သတိပြုရန်နှင့် ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေးမူဝါဒကို ညှိနှိုင်းဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုခဲ့ကြောင်း၊ အစိုးရအနေဖြင့် ဗဟိုဘဏ်တွင် ငွေချေးယူမှုကို တစ်နှစ်ထက်တစ်နှစ် လျှော့ချလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဖြည့်ဆည်းမှုရာခိုင်နှုန်း ၇၀ ဒသမ ၈၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၈၂ ရာခိုင်နှုန်းသို့ သိသိသာသာ လျော့ကျလာခဲ့ကြောင်းလည်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

ငွေကြေးဈေးကွက် (Money Market)နှင့် တစ်ဆင့် ပြန်လည်ရောင်းချသည့်ဈေးကွက် (Secondary Market) ဖွံ့ဖြိုးလာသည်နှင့်အမျှ ဗဟိုဘဏ်မှငွေချေး ရယူမှုကို ပိုမိုလျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုဖိအားများကို လျော့နည်းစေရန် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး (CRR) ပြင်ဆင်သတ်မှတ်ခြင်းနှင့် ပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်းစသည့် ငွေကြေးမူဝါဒများကို ကျင့်သုံးဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Photo-  MDN

Your Ad Here
Ad Size: 336x280 px

More News