[latest_news_marquee]

မင်္ဂလာဈေးသစ်ကြီး နိုဝင်ဘာ ပထမပတ်မှာ ဖွင့်လှစ်တော့မှာဖြစ်လို့ ယခုလကုန်ပိုင်းကစပြီး ဆိုင်ခန်းများ ပြောင်းရွှေ့နေ

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်ရှိ မင်္ဂလာဈေးသစ်ကြီးကို နိုဝင်ဘာလ ပထမပတ်မှာ ဖွင့်လှစ်တော့မှာဖြစ်လို့ ယခုလကုန်ပိုင်းကစပြီး ဆိုင်ခန်းများ ပြောင်းရွှေ့နေတယ်လို့ အဆိုပါ ဈေးကြီး၏ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ တာဝန်ရှိသူက “နိုဝင်ဘာလ ပထမပတ်မှာ ဖွင့်လှစ်ရောင်းချဖို့ အခုအောက်တိုဘာလ နောက်ဆုံးပတ်ကနေစပြီး ဆိုင်ခန်းပိုင်ရှင်များကို သူတို့ရောင်းမယ့်ပစ္စည်းတွေ ရွှေ့ပြောင်းခွင့်ပြုထားပါတယ်” လို့ နိုင်ငံပိုင်မီဒီယာနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားထားပါတယ်။

ထို့အပြင် တင်ဒါအောင်မြင်၍ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဆန်းမြတ်ထွန်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ ၁၀ ပေပတ်လည် ဆိုင်ခန်းများအား အရစ်ကျစနစ်နှင့် ဘဏ်ချိတ်စနစ်များဖြင့် ဝယ်ယူနိုင်ရန်စီစဉ်ထားကြောင်းလည်း ယင်းတာဝန်ရှိသူက ဆိုထားပါတယ်။

ဈေးသစ်ကြီး ပြန်လည်ဖွင့်လှစ်ရောင်းချရာတွင်လည်း မူလဆိုင်ခန်းပိုင်ရှင်များအနေဖြင့် မိမိတို့ပြန်လည်ရရှိထားသည့် ဈေးဆိုင်ခန်းများတွင် အခကြေးငွေတစ်စုံတစ်ရာပေးဆောင်ရန်မလိုဘဲ ရောင်းချနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဆိုင်ခန်း ၄,၀၀၀ ကျော် ဆောင်ရွက်ပေးထား တယ်လို့လည်း သိရပါတယ်။

ဈေးတာဝန်ရှိသူက ဆက်လက်ပြီး “မူလဆိုင်ခန်းပိုင်ရှင်တွေက အခကြေးငွေ ပေးဆောင်စရာမလိုဘဲ တောင်းခံတဲ့သူရှိရင်လည်း သက်ဆိုင်ရာကို ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်”လို့ ပြောကြားထားပါတယ်။

မင်္ဂလာဈေးကြီးတွင် ၂၀၁၀ ပြည့်နှစ် မေလ ၂၄ ရက် နံနက်က ပထမအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့သလို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် ဒုတိယအကြိမ် မီးလောင်ကျွမ်းခဲ့ပြီး ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၀ နှစ်ကျော်အကြာ ယခု ၂၀၂၆ ခုနှစ် နိုဝင်ဘာပထမပတ်တွင် အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီး အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Photo- MDN

Your Ad Here
Ad Size: 336x280 px

More News