[latest_news_marquee]

မိုင်းနားအခြေပြု ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းအား ဆွတ်ဘွမ်ကုမ္ပဏီပိုင် ကုန်ချိန်းကွင်းအတွင်း ပြောင်းရွှေ့ဖွင့်လှစ်မည်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားအခြေပြု ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းအား ဆွတ်ဘွမ်ကုမ္ပဏီပိုင် ကုန်ချိန်းကွင်းအတွင်း ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သိရပါတယ်။

ထိုနယ်စပ်ကုန်သွယ်ရေးစခန်းအား မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ဆွတ်ဘွမ်ကုမ္ပဏီပိုင်ခြံဝင်းအတွင်း စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်နေကြသည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ ဇူလိုင် ၂၆ ရက်နေ့  မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

နယ်စပ်ကုန်စည်စီးဆင်းမှုများ အရှိန်အဟုန်မပျက် စီးဆင်းနိုင်ရေး၊ နိုင်ငံတော်မှရသင့်သည့် အခွန်အခများရရှိရေး၊ တရားမဝင် ကုန်စည်စီးဆင်းမှုများ ပပျောက်စေရေးအတွက် စနစ်တကျဖြင့် လုပ်ငန်းများ လည်ပတ်နိုင်ရန် ပြောင်းရွှေ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

အဆိုပါကုန်သွယ်ရေးစခန်းကို ယခင်က ရွှေမိုးတောင်ခြေတွင် ယာယီစစ်ဆေးရေးရုံး ဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်ခဲ့ရာမှ  ယခုအခါ မိုင်းနားကျေးရွာ-ဝေပါကျေးရွာ-ဝါရှောင်ကျေးရွာ ၁၃ ကီလိုသွားလမ်းမကြီးဘေးတွင် တည်ရှိ၍ ကုန်စည်စစ်ဆေးကြပ်မတ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်သော မြေဧရိယာ ၅ ဧကကျော် အကျယ်အဝန်းရှိသည့် ဆွတ်ဘွမ်ကုမ္ပဏီပိုင် ကုန်ချိန်းကွင်းနေရာတွင် ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်သည် ဒေသတွင်းထွက်ရှိသော တစ်သျှူးငှက်ပျောအပါအဝင် အခြားသီးနှံများအား တရုတ်နိုင်ငံသို့ တင်ပို့ရာ အဓိကကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ပြီး ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းသည် လတ်တလော မြေပြိုလမ်းပိတ်ဆို့မှုများကြောင့် ခေတ္တရပ်တန့်နေကြောင်း သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News