မိုးတိမ်တောင်များကြောင့် နေပြည်တော်အပါအဝင် တိုင်း ၇ တိုင်းနှင့် ပြည်နယ် ၅ ခုမှာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်ထားပါတယ်။
မိုးဇလရဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ထုတ်ပြန်ထားချက်အရ မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း) တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ပါရန်လည်း မိုးဇလမှ အကြုံပြုထားပါတယ်။
မိုးဇလပညာရှင် ဦးဝင်းနိုင်က “မုတ်သုံဆုတ်ခွာပြီးကာလ၊ ရာသီအကူးအပြောင်းအချိန်အတွင်း ပုံစံမမှန်တဲ့ မိုးရွာသွန်းနိုင်တာ၊ လေပြင်းတိုက်နိုင်တာနဲ့ ဒီနေ့မနက်အစောပိုင်းဖြစ်ခဲ့သလို ထစ်ချုန်းမိုးသည်းတာတွေ အောက်တိုဘာ ၁၉ ရက်အထိ ရှိနေပါဦးမယ်”လို့ ယနေ့ အောက်တိုဘာ ၁၄ ရက် နေ့လည်ပိုင်းက သုံးသပ်ပြောကြားထားပါတယ်။
မိုးဇလပညာရှင် ဒေါက်တာစိုင်းခွန်အာကာကလည်း “အောက်တိုဘာလ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်က မြို့နယ်ကျေးရွာတွေမှာ နေရာစိပ်စိပ် ထစ်ချုန်းမိုးတွေ ရွာနိုင်ပါတယ်။ နေရာကွက် မိုးများနိုင်ပါတယ်။ စစ်ကိုင်းတိုင်း အောက်ပိုင်းမှာ ကွက်ကျားမိုး ထစ်ချုန်း ရွာနိုင်ပါတယ်။ နေရာကွက် မိုးများနိုင်ပါတယ်”လို့ သုံးသပ်ထားပါတယ်။
Photos- မိုးဇလ






