[latest_news_marquee]

မြန်မာမှာ တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများကို အားပေးနေရာ မလေးရှားလုပ်ငန်းရှင်များ တန်ဖိုးမြှင့်ကုန်ထုတ် လုပ်မှု စက်ရုံများတည်ထောင်ကာ ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်သမ္မတ ဖိတ်ခေါ်

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးဖိတ်ခေါ်နေပြီး တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှု စက်ရုံများတည်ထောင်ခြင်းဖြင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှု တန်ဖိုးကွင်းဆက်များတွင် အတူပူးပေါင်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း နိုင်ငံတော် သမ္မတက မလေးရှား ခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။

မနေ့က အောက်တိုဘာ ၇ ရက်မှာပြုလုပ်တဲ့ မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲ (Myanmar-Malaysia High Level Business Dialogue 2026) မှာ နိုင်ငံတော် သမ္မတက ယခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး မလေးရှားနိုင်ငံ၏ လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းများနှင့် အကျိုးတူပူးပေါင်းပြီး စားသောက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ လယ်ယာအခြေခံသွင်းအားစု ထုတ်လုပ်ခြင်း၊ မွေးမြူရေးနှင့် အသားငါးပြုပြင်ထုတ်လုပ်ခြင်း၊ ရာဘာနှင့် ရေထွက်ကုန်ပြုပြင် ထုတ်လုပ်ခြင်း စသည့်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုပြီး စိုက်ပျိုးရေးကဏ္ဍတွင်လည်း မလေးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို အသုံးချကာ မြန်မာနိုင်ငံ၌ ဆန်ကြိတ်ခွဲ စက်ရုံများ၊ ပဲမျိုးစုံသန့်စင်ထုပ်ပိုးတဲ့စက်ရုံများ၊ အစားအစာပြုပြင် ထုတ်လုပ် ရေးစက်ရုံများ၊ အအေးခန်းသိုလှောင်ရုံများနှင့် စားနပ်ရိက္ခာ ဖြန့်ဖြူးရေးလုပ်ငန်းများ တည်ထောင် နိုင်ရန် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

လက်ရှိတွင် မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံ၏ အရေးပါသည့် ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၆၂ ဘီလီယံရှိပြီး ယခုနှစ် ဩဂုတ်လအထိ ၁ ဒသမ ၀၁ ဘီလီယံကျော် ရှိခဲ့ကာ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ ရာဘာနှင့် ကုန်ကြမ်းများ၊ ချုပ်ပြီးအထည်များ မလေးရှားနိုင်ငံကို တင်ပို့လျက်ရှိပြီး မလေးရှားနိုင်ငံမှ စက်ဆီ၊ ချောဆီနှင့် ရေနံထွက်ပစ္စည်းများ၊ စားအုန်းဆီ၊ စားသောက်ကုန်၊ စက်မှုကုန်ချောများ၊ အီလက်ထရောနစ်ပစ္စည်းနှင့် ပလတ်စတစ်ကုန်ကြမ်းပစ္စည်း၊ ဓာတုကုန်ကြမ်းနှင့် ဆေးဝါးပစ္စည်း စသည်တို့ကို တင်သွင်းလျက်ရှိတယ်လို့လည်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့ပါတယ်။

ထို့အပြင် ထုတ်လုပ်မှုတိုးတက်ရေးသာမက Farm-to-Market Supply Chain တစ်ခုလုံးကို ခေတ်မီအောင် ဖော်ဆောင်ရန်လည်း အရေးကြီးကြောင်း၊ မျိုးစေ့နှင့်စိုက်ပျိုးရေးသွင်းအားစု၊ ခေတ်မီစက်ယန္တရား၊ ရိတ်သိမ်းပြီးနောက် ဆုံးရှုံးမှုလျှော့ချရေး၊ အခြောက်ခံခြင်း၊ သန့်စင်ခြင်း၊ အအေးခန်း သိုလှောင်ခြင်း၊ ထုပ်ပိုးခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို တစ်ဆက်တည်း ပူးပေါင်း ဖော်ဆောင်နိုင်ပါက မြန်မာ့လယ်ယာ ထွက်ကုန်များ၏ အရည်အသွေးနှင့် ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်းကို ပိုမိုမြှင့်တင်နိုင်မှာဖြစ်သလို ထိုမှတစ်ဆင့် အအေးခန်းသိုလှောင်ရုံများ နှင့်အတူ Digital Logistics ၊ Warehouse Management ၊ Cargo Tracking နှင့် အရည်အသွေး ထိန်းချုပ်မှုစနစ်များကိုပါ ပေါင်းစပ်ဖော်ဆောင်နိုင်ပါက လယ်ယာနှင့် ရေထွက်ကုန်များ၏ ရိတ်သိမ်းပြီးနောက် ဆုံးရှုံးမှုများကို လျှော့ချနိုင်ပြီး Export Supply Chain ကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲ နိုင်မှာဖြစ်ကြောင်း၊ ယခုကဏ္ဍတွင် အတွေ့အကြုံများစွာ ရှိသည့် မလေးရှားနိုင်ငံအတွက် ကြီးမားသည့် အခွင့်အရေးဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု၊ ဆီအုန်းသီးနှံ ကြိတ်ခွဲခြင်း၊ ဆီသန့်စင်ခြင်းနှင့် တန်ဖိုးမြှင့် စားသုံးဆီ ထုတ်လုပ်ခြင်း လုပ်ငန်းများတွင် အတွေ့အကြုံနှင့် နည်းပညာများ ပိုင်ဆိုင်ထားသည့် အတွက် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး အရင်းအမြစ်များနှင့် ပေါင်းစပ်ပြီး စိုက်ပျိုးထုတ်လုပ်မှုမှသည် ဈေးကွက်ဖြန့်ဖြူး ခြင်းအထိ ထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံးတွင် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လိုကြောင်း၊ ယခုကဲ့သို့ ဆီအုန်းစိုက်ပျိုးမှုနှင့် စာအုန်းဆီ ထုတ်လုပ်မှုလုပ်ငန်းများကို ပထဝီဝင် ရာသီဥတုအရ သင့်တော် ကောင်းမွန်သည့် တနင်္သာရီတိုင်းအတွင်းတွင် ဆောင်ရွက်နိုင်ပြီး ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်မှုလုပ်ငန်းများကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဆောင်ရွက်နိုင်ရန် မလေးရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် မြေဧရိယာကျယ်ပြန့်စွာ ပိုင်ဆိုင်ပြီး စားကျက်မြေများစွာရှိသောကြောင့် မွေးမြူရေးနှင့် အသားငါး ထုတ်လုပ်သည့်လုပ်ငန်းများကိုလည်း ကောင်းစွာဆောင်ရွက်နိုင်ပါကြောင်း၊ မလေးရှားနိုင်ငံ၏ Halal အစားအစာ ဈေးကွက်ကို ဝင်ရောက်နိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ထုတ်လုပ်မှုစနစ်များ ဖော်ဆောင်ရန်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ ထိုမှ တစ်ဆင့် မွေးမြူရေးခြံများ ဖွံ့ဖြိုး တိုးတက်ရေး၊ တိရစ္ဆာန်အစာ ထုတ်လုပ်ရေး၊ တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသားထုတ်လုပ်မှု လုပ်ငန်းများတွင် မလေးရှား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဖိတ်ခေါ်လိုကြောင်းလည်း သမ္မတက ပြောကြားထားပါတယ်။

Halal Certification နှင့် Food Traceability စနစ်များ၊ တိရစ္ဆာန် အစာနှင့်  တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု၊ အအေးခန်းနှင့် အသားထုတ်လုပ်မှု နည်းပညာများကို ပူးပေါင်းဖော်ဆောင်နိုင်ပါက မြန်မာနိုင်ငံ၏ မွေးမြူရေး ထုတ်ကုန်များကို မလေးရှားဈေးကွက်နှင့် ဒေသတွင်း Halal ဈေးကွက်များကို ပိုမိုထိရောက်စွာ ချိတ်ဆက်နိုင်မည့် အခြေခံကောင်းတစ်ရပ် ဖြစ်လာနိုင်ကြောင်း၊ အလားတူ မိမိတို့အနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် သံ၊ သံမဏိနှင့် ဘိလပ်မြေ ထုတ်လုပ်သည့် လုပ်ငန်းများတွင်လည်း မလေးရှား လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများရှိကြောင်းလည်း သူက ဆိုခဲ့ပါတယ်။

ယင်းအပြင် မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် အနေဖြင့် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူအထူး စီးပွားရေးဇုန်များရှိကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်သည် လက်ရှိတွင် အအောင်မြင်ဆုံးဖြစ်သကဲ့သို့ ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေး ဇုန်တို့သည်လည်း အနာဂတ်တွင် မဟာဗျူဟာမြောက် အရေးပါလာမည့် စီမံကိန်းများ ဖြစ်တာကြောင့် ယခုဇုန်များတွင်လည်း လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်လိုပြီး MSME ပူးပေါင်းဆောင်ရွက်မှုသည်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကို တိုးမြှင့်ရန်အတွက် နှစ်နိုင်ငံ MSME များအကြား Business Matching ၊ Supplier Matching နှင့် Technology Matching အစီအစဉ် များကို ပုံမှန်ကျင်းပပေးနိုင်ပါက အကျိုးရှိမည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ထို့အတူ မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ များစွာရှိနေသည့်အတွက် Remittance channel က အရေးကြီးကြောင်း၊ တရားဝင် channel ကို အသုံးပြုရသည်မှာ ပိုမိုလွယ်ကူပြီး ကုန်ကျစရိတ် သက်သာအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက Financial flow ပိုမိုကောင်းမွန်လာပြီး ရွှေ့ပြောင်းလုပ်သားများအတွက်လည်း လုံခြုံစိတ်ချရသည့် ငွေလွှဲလမ်းကြောင်း ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း၊ ထို့ကြောင့် ဘဏ်များ၊ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများနှင့် FinTech ကုမ္ပဏီများအကြား ပူးပေါင်းပြီး ငွေပေးချေမှုနှင့် ငွေလွှဲဝန်ဆောင်မှု များကို လုံခြုံ၊ မြန်ဆန်၊ ပွင့်လင်းပြီး သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည့် Digital Payment နှင့် တရားဝင်ငွေကြေး လွှဲပြောင်းမှု (Remittance)များ ဖော်ဆောင်နိုင်မည်ဆိုပါက နှစ်ဖက်အကျိုးရှိနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြစ်ကြောင်းလည်း သမ္မတက ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံအနေဖြင့် သဘာဝထွက်ကုန်စီးပွားရေးစနစ်မှ ခေတ်မီ နည်းပညာ၊ ဆီမီးကွန်ဒတ်တာ (Semiconductor)၊ ဉာဏ်ရည်တု (AI)၊ ဒေတာစင်တာတည်ဆောက်ခြင်းစသည့် ခေတ်မီစက်မှုစီးပွားရေးစနစ်ကို အောင်မြင်စွာကူးပြောင်းနေသည်ကို လေ့လာသိရှိရကြောင်း၊ ယခုကဲ့သို့ နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံရန် အတွက် လည်း မြန်မာနိုင်ငံသည် အကြီးမားဆုံး အိုင်စီတီနည်းပညာဆိုင်ရာ အချက်အချာဒေသ တစ်ခုဖြစ်သည့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကို ပြင်ဦးလွင်မြို့ အနီးတဝိုက်တွင် ဖွင့်လှစ်ထားကြောင်း၊ မြန်မာနိုင်ငံအတွက် အစိုးရဝန်ဆောင်မှုများကို ဒီဂျစ်တယ်အသွင် ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ ဉာဏ်ရည်တု(AI) အသုံးချမှုများ၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များနှင့် ဆန်းသစ် တီထွင်မှုဆိုင်ရာ စီးပွားရေး ဝန်းကျင်ဖော်ဆောင်ရေးများတွင် စိတ်ပါဝင်စားသည့် မလေးရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်းလည်း ဖိတ်ခေါ်ထားပါတယ်။

လက်ရှိတွင် မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် နဝမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့် နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပေါင်း ၃၂ ခုကို ဆောင်ရွက်လျက်ရှိကြောင်း၊ မလေးရှားရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံ၏ အားသာချက်မှာ ကုန်ကြမ်း အရင်းအမြစ်နှင့် ထုတ်လုပ်မှုအခြေခံများ ရှိခြင်းသာမက တန်ဖိုးမြှင့်ထုတ်လုပ်မှုလုပ်ငန်းများဖော်ဆောင်ရန် နေရာနှင့် ဈေးကွက် အလားအလာများရှိနေကြောင်းလည်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့ပါတယ်။

Photo- MDN

Your Ad Here
Ad Size: 336x280 px

More News