[latest_news_marquee]

မြန်မာဟာ အထူးသဖြင့်တော့ အာဆီယံဆိုတဲ့ နောက်ခံအခြေအနေပါ မိသားစုဖြစ်ပြီး မြန်မာနဲ့ မလေးရှားကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားရမယ်လို့ မလေးရှား ဝန်ကြီးချုပ်ပြောကြား

မြန်မာဟာ အထူးသဖြင့်တော့ အာဆီယံဆိုတဲ့ နောက်ခံအခြေအနေပါ မိသားစုဖြစ်ပြီး မြန်မာနဲ့မလေးရှားကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားရမယ်လို့ မလေးရှား ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၈ ရက်နေ့က မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်တို့ မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအပြန်အလှန် ပြောကြားခဲ့ရာမှာ အခုလို ထည့်သွင်းပြောကြား ခဲ့တာဖြစ်ပါတယ်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်က “လက်ရှိအခြေ အနေတွေမှာ ဖြစ်နေတာက နားလည်မှုလွဲမှားနေတဲ့ကိစ္စ၊ democratic reform တို့၊ domestic issues တို့ ဒါတွေကို နားလည်မှုလွဲနေတာ ဖြစ်ပါတယ်။ အဆွေတော်ကို ဘန်ကောက်မှာ တွေ့တဲ့အချိန်တုန်းက မြန်မာနိုင်ငံမှာ ငလျင်အပြီးအဆွေတော်နဲ့ ဘန်ကောက်မှာ တွေ့ပါတယ်။ အဆွေတော်ကမူဝါဒနဲ့ ပတ်သက်ပြီး လက်ခံခဲ့တာ ဖြစ်တယ်။ ပြီးတော့ violence တွေ ဆက်မဖြစ် ဖို့အတွက် အဆွေတော်တို့ မူဝါဒတွေ ပြောင်းပြီးတော့ ကြိုးစားဆောင်ရွက်နေတာလည်း ကျွန်တော်တွေ့ပါတယ်။ ဒီကိစ္စတွေကို အာဆီယံက ကျွန်တော့်မိတ်ဆွေတွေကိုလည်း ကျွန်တော်ပြောခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး mechanism ဘယ်လို အကောင် အထည်ဖော်မလဲ။ ကျွန်တော်အဲဒီတုန်းက ပြောခဲ့တာကတော့ အာဆီယံခေါင်းဆောင်တွေကို ဒါခင်ဗျားတို့အပေါ်မှာပဲ မူတည် တယ်ဆိုပြီး ပြောခဲ့ပါတယ်။ အခုခရီးစဉ်ကတော့ ဖြစ်နိုင်သမျှ ပူးပေါင်း ဆောင်ရွက်မှု   အားလုံးကို ကျွန်တော်တို့ ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်မှု တွေကို အဓိကတိုးမြှင့်သွားမယ်။ မြန်မာက ကျွန်တော်တို့ရဲ့ အသိုင်းအဝိုင်းထဲက မိသားစု ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အာဆီယံဆိုတဲ့ နောက်ခံအခြေအနေပါ မိသားစုဖြစ်ပါတယ်။ Bilateral ကတော့ ကျွန်တော်တို မြန်မာနဲ့မလေးရှားကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ယခု ခရီးစဉ်၌ မိမိတို့ ၂ ဦးအနေနဲ့  နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး Issue များစွာကို ဆွေးနွေးခဲ့သလို နှစ်နိုင်ငံအကြား ကာလရှည်ကြာ အကောင်းဆုံး ဆက်ဆံရေးတွေရှိခဲ့ရာမှ မကြာသေးမီကာလကတော့ ဒီဆက်ဆံရေးအပေါ်မှာ တချို့သောအတားအဆီးတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ယခုအချိန်တွင် ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ရမယ့်အချိန် ဖြစ်နေကြောင်း၊  ဒီနေ့ မြန်မာ သမ္မတနှင့် ဆွေးနွေးခဲ့ရာတွင်  ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးရှင်းရှင်း ဆွေးနွေးခဲ့တာဖြစ်တဲ့အတွက် များစွာ ကျေးဇူးတင်ကြောင်း၊ ဒါဟာ မိမိတို့ ရှေ့ဆက်ပြီးတော့ ဒီဆက်ဆံရေးတွေကို တိုးမြှင့်ဆောင်ရွက်ဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေကို မြှင့်တင်နိုင်ခဲ့တာ ဖြစ်ကြောင်းလည်း မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
 
ထို့အပြင် ဖြေရှင်းရမယ့် နောက်ထပ်ကိစ္စဖြစ်တဲ့ နှစ်နိုင်ငံ ကြား trade ၊ investment အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ၊ food၊ energy ၊ capacity building အစရှိတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ဖြစ်ပြီး နှစ်အလိုက် တိုးမြှင့်ဆောင်ရွက်သွားဖို့လိုအပ်ကာ  ၁၄၀ ရာခိုင်နှုန်းလောက်အထိ တိုးတက်လာအောင် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေအရ ဆောင်ရွက်သွားဖို့ လိုသလို အထူးသဖြင့် လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးမွေးမြူရေး၊ သိပ္ပံနှင့် နည်းပညာ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနယ်ပယ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ အလားအလာတွေလည်း ဆွေးနွေးနိုင်ခဲ့တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။
 

နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ကလည်း “မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေထဲမှာ အဆင့် ၄ နဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် ၉ ရှိနေပါတယ်။ အခုခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်တွေကြားမှာ ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းက နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်မယ့် အခွင့်အရေးဖြစ်တယ်လို့ ပြောချင်ပါတယ်။ အခုကျွန်တော်တို့ ဆွေးနွေးမှုအတွင်းမှာလည်း နှစ်နိုင်ငံ အဓိကမဏ္ဍိုင်ဖြစ်တဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုလည်း အလေးထားပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Photo- MOI

Your Ad Here
Ad Size: 336x280 px

More News