[latest_news_marquee]

မြန်မာ့ပထမဆုံးသော အာကာသယာဉ်မှူးလောင်းများအား ရွေးချယ်ထားပြီး စိစစ်မှုများ ဆက်လက်ဆောင်ရွက်သွားမယ်လို့ဆို

မြန်မာနိုင်ငံအတွက် ပထမဆုံးသော အာကာသယာဉ်မှူးလောင်းများအား ရွေးချယ်ထားပြီး အဆင့်ဆင့်သော စိစစ်မှုများကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားထား ပါတယ်။

နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ(MSA)က ဆောင်ရွက်ပြီးစီးခဲ့ သည့် နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို  ဇူလိုင် ၂၇ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီ(MSA)၌ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး ပဏာမရွေးချယ်ထားသည့် အာကာသယာဉ်မှူးလောင်းများနှင့် တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားရာမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဟာ မြန်မာနိုင်ငံမှ ပထမဆုံးသော အာကာသယာဉ်မှူး တာဝန်ထမ်းဆောင်ရန်အတွက် ပဏာမရွေးချယ်ထားရှိသော အာကာသယာဉ်မှူးလောင်းများအား  ယခုကဲ့သို့တွေ့ဆုံရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပြီး အာကာသနည်းပညာဆိုင်ရာနှင့် အာကာသယာဉ်မှူးများ မွေးထုတ်ပေးနိုင်ရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် လွန်ခဲ့သည့်နှစ်အနည်းငယ်ကတည်းကပင် စတင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်၏ ပထမဆုံးသော အာကာသယာဉ်မှူးများအဖြစ် တာဝန်ထမ်းဆောင်လိုသည့် ပြင်းပြသည့်စိတ်ဆန္ဒများဖြင့် ယခုကဲ့သို့ဆန္ဒပြုရွေးချယ်ခြင်းခံခဲ့ကြရသည့်အတွက်လည်း ဝမ်းမြောက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

အာကာသယာဉ်မှူးလောင်းများအနေဖြင့် လက်ရှိအခြေအနေအထိရောက်ရှိနိုင်ရေး စာတွေ့၊ လက်တွေ့၊ ကျန်းမာရေးတို့နှင့်ပတ်သက်၍ စိစစ်မှုများကို အဆင့်ဆင့်ကျော်ဖြတ်ခဲ့ကြရခြင်းဖြစ်ပြီး အာကာသ ဆိုင်ရာ အတွေ့အကြုံများ၊ ဗဟုသုတများ၊ နည်းပညာများကိုသင်ကြားခဲ့ကြရမည်ဖြစ်သဖြင့် တစ်ဦးချင်းစီနှင့် နိုင်ငံတော်အတွက် အာကာသနည်းပညာဆိုင်ရာ တန်ဖိုးရှိလူသားအရင်း အမြစ်ကောင်းများ ဖြစ်ပြီး အာကာသယာဉ်မှူးများအဖြစ် တာဝန်ထမ်းဆောင်ရန် ရည်ရွယ်ဆုံးဖြတ်ပြီးကြသူများဖြစ်သဖြင့် မိမိတို့တစ်ဦးချင်းစီအလိုက် ကျန်းမာကြံ့ခိုင်မှုရှိသူများဖြစ်စေရေးအတွက်လည်း နေထိုင် သွားလာ စားသောက်မှုများကို အသိ၊ သတိဖြင့် ထိန်းထိန်းသိမ်းသိမ်းနေထိုင်သွားကြရန်လိုကြောင်း၊ မိမိတို့တစ်ဦး ချင်းစီ၏ အနာဂတ်ဘဝခရီးလမ်းအတွက် အထောက်အကူဖြစ်စေမည့် အသိပညာဗဟုသုတများ၊ ဘာသာစကားဆိုင်ရာများ ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် နည်းပညာရပ်ဆိုင်ရာများကိုလည်း စဉ်ဆက် မပြတ်လေ့လာဆောင်ရွက်သွားကြရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီက ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက ပြောကြားရာတွင် ယခုကဲ့သို့ မြန်မာအာကာသအေဂျင်စီ ဖွဲ့စည်းနိုင်မှုနှင့် လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးနေမှုများ သည် နိုင်ငံတော်အတွက်အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းအနေဖြင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်နည်းပညာဆိုင်ရာ တိုးတက်မြင့်မားစေရေးအတွက် အိပ်မက်များ၊ ရည်မှန်းချက်များ ကိုယ်စီရှိကြကြောင်း၊ အာကာသနည်းပညာနှင့်ပတ်သက်၍ မိမိတို့မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုအနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လိုသည့် စိတ်ကူးများ၊ ရည်မှန်းချက်များကိုယ်စီရှိကြကြောင်း၊ သို့သော်လည်း အဆိုပါရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရသည်မှာ လွယ်ကူသည့်လုပ်ငန်းရပ်တစ်ခုမဟုတ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အာကာသနည်းပညာနှင့်ပတ်သက်၍ ယခင်ကတည်းကပင် စိတ်ဝင်တစားဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း၊ လူသားအရင်းအမြစ်များလည်းကြိုတင်မွေးထုတ်လေ့ကျင့်ပေးပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News