“မြန်မာ့လက်ဖက်ယဉ်ကျေးမှု”ကို ဆက်စပ်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် မတ်လ ၂၀ ရက်တွင် ယူနက်စကိုသို့ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရေး အဆိုပြုလွှာ ပေးပို့ထားခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီမှ သိရပါတယ်။
“မြန်မာနိုင်ငံ အနေနဲ့ ၂၀၁၄ ခုနှစ် မေ ၇ ရက်နေ့မှာ UNESCO ရဲ့ ၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဋိညာဉ်သို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ ကိုလည်း ယူနက်စကိုထံသို့ တင်ပြထားခဲ့ပြီး ဖြစ်တဲ့အတွက် ယခု ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလကုန်မှာ တရုတ်နိုင်ငံ ရှမန်မြို့၌ ကျင်းပမယ့် (၂၁) ကြိမ်မြောက် အစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်သွားမှာဖြစ်ပါတယ်” လို့ နေပြည်တော်၌ အောက်တိုဘာ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးတွင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးမှ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ကော်မတီအနေဖြင့် “မြန်မာ့လက်ဖက်ယဉ်ကျေးမှု” နည်းတူ “ထမနဲယဉ်ကျေးမှုဓလေ့”နှင့် “လွန်းရာကျော် ကြိုးကြီးချိတ်” လုပ်ငန်းတို့ကိုပါ လာမည့်နှစ်များတွင် ယူနက်စကိုသို့ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဆက်လက်တင်သွင်းနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရပါတယ်။
ဝန်ကြီးဌာနအနေဖြင့်လည်း UNESCO သို့ လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် ညီလာခံ အစည်းအဝေး၌ “မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်”သည် ယူနက်စကို၏ လူသား မျိုးနွယ်ဆိုင်ရာ ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
Photo – MOI






