[latest_news_marquee]

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း နည်းပြချုပ်သစ်အဖြစ် ယွန်အန်ဒါဆင်ကို စာချုပ်ချုပ်ခန့်အပ်

မြန်မာကစားသမားတွေ တိုးတက်လာဖို့နဲ့ မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်နိုင်သမျှ အောင်မြင်ဖို့ ကြိုးစားစွမ်းဆောင်သွားမယ်လို့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ်သစ် မစ္စတာ ယွန် အန်ဒါဆင် (Mr. Jorn Andersen) က ပြောကြားလိုက်ပါတယ်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ်သစ် မစ္စတာ ယွန် အန်ဒါဆင်ကို တရားဝင်ခန့်အပ်သည့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၈ ရက် မနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် သတင်းစာ ရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့ရာမှာ နည်းပြချုပ်သစ်က အခုလို ပြောကြားလိုက် တာဖြစ်ပါတယ်။

မစ္စတာ ယွန် အန်ဒါဆင်က “ကျွန်တော့်ရဲ့ စာချုပ်သက်တမ်း အတွင်းမှာ မြန်မာကစားသမားတွေ တိုးတက်လာဖို့နဲ့ မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်နိုင်သမျှ အောင်မြင်ဖို့ ကြိုးစားစွမ်းဆောင်သွားမှာပါ။ ကျွန်တော့်ရဲ့ စာချုပ်သက်တမ်း အတွင်းမှာ အကောင်းဆုံး ကစားသမားတွေနဲ့ အသင့်တော်ဆုံး ကစားသမားတွေကို နေရာပေးသွားပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်နေရာအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ မစ္စတာ ယွန် အန်ဒါဆင် တို့ဟာ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ကြပြီးနောက်  နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ပြီး မြန်မာအသင်းကို နည်းပြဖို့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ယွန်အန်ဒါဆင်ဟာ ဥရောပနှင့် အာရှဘောလုံးလောကတို့တွင် ကစားသမားနှင့် နည်းပြအဖြစ် အတွေ့အကြုံကြွယ်ဝသော နိုင်ငံတကာအဆင့် ဘောလုံးနည်းပြတစ်ဦးဖြစ်ပြီး ကစားသမားဘဝအတွင်း ကလပ်အသင်းများအတွက် ပွဲပေါင်း ၄၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၁၉ ဂိုး သွင်းယူနိုင်ခဲ့ကာ ဂျာမန်ဘွန်ဒက်စ်လီဂါ၏ ထင်ရှားသည့် အသင်းများဖြစ်သော Eintracht Frankfurt ၊ FC Nürnberg ၊ Hamburger SV နှင့် Fortuna Düsseldorf တို့တွင် ကစားခဲ့တယ်လို့ သိရပါတယ်။

ကစားသမားဘဝမှ အနားယူပြီးနောက် ယွန် အန်ဒါဆင်သည် နည်းပြဘဝသို့ ကူးပြောင်းခဲ့ကာ ဂျာမန်ကလပ် FSV Mainz 05 ကို Bundesliga သို့ တန်းတက်အောင် ဦးဆောင်နိုင်ခဲ့တဲ့အပြင် မြောက်ကိုရီးယား လက်ရွေးစင်အသင်း၏ ပထမဆုံး နိုင်ငံခြားသားနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အသင်းကို ဦးဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဟောင်ကောင်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ရာတွင် AFC Asian Cup 2023 သို့ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ကာ အာရှဂိမ်းပြိုင်ပွဲတွင် အီရန်ကိုနိုင်ပြီး သမိုင်းတစ်လျှောက် ပထမဆုံး ဆီမီးဖိုင်နယ် ပို့ဆောင်ခဲ့သလို နည်းပြဘဝတစ်လျှောက် ပြိုင်ပွဲစုစုပေါင်း ၂၇၈ ပွဲ ကို ကိုင်တွယ်ခဲ့ပြီး နိုင်ပွဲ ၁၁၁ ပွဲ၊ သရေ ၆၃ ပွဲနှင့် ရှုံးပွဲ ၁၀၄ ပွဲ ရရှိထားကာ နိုင်ပွဲရာခိုင်နှုန်း ၃၉ ဒသမ ၉၃ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယွန် အန်ဒါဆင်ကို အာရှဘောလုံးလောကအပေါ် အကျွမ်းတဝင်ရှိမှု၊ နိုင်ငံတကာအတွေ့အကြုံနှင့် အသင်းတည်ဆောက်နိုင်စွမ်းရှိမှုတို့အပေါ် အသိအမှတ်ပြုကာ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး၊ မြန်မာ့ဘောလုံး အဆင့်အတန်း မြှင့်တင်ရေးနှင့် နိုင်ငံတကာ အောင်မြင်မှုများ ရရှိစေရန် ဦးဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။

Photo- MFF

Your Ad Here
Ad Size: 336x280 px

More News