မြောက်ဥက္ကလာပဆေးရုံကြီး၌ ပြတ်တောက်သွားသည့် လက်ညှိုးကို ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုအား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၌ နေထိုင်သော အသက် (၂၅) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် သစ်စက်တွင် အလုပ်လုပ်နေစဉ် ဇူလိုင် ၂ ရက် နံနက် ၉ နာရီခွဲက သစ်ဖြတ်စက်ဖြင့် ထိခိုက်မိပြီး ဝဲဘက်လက်ညှိုး၏ အလယ်ခန့်မှ ထက်ပိုင်းပြတ်တောက်သွားကြောင်း၊ လက်ညိုးပြတ်လူနာအား အင်းစိန်ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ အရိုးရောဂါကုသဆောင်၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုအဖွဲ့သို့ ချိတ်ဆက်ဆက်သွယ်ပြီး ယင်းနေ့ညနေပိုင်းတွင် လွှဲပြောင်းရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး အနေဖြင့် အဆိုပါလူနာကို လက်ညှိုးပြန်ဆက်ရန် လိုအပ်သော စစ်ဆေးမှုများကို အမြန်ဆုံးပြုလုပ်၍ ညနေ ၅ နာရီခွဲမှ နောက်တစ်နေ့ နံနက် ၁၂ နာရီခွဲအထိ လက်ချောင်းပြန်ဆက်သည့် ခွဲစိတ်ကုသမှုကို ဆောင်ရွက်ခဲ့ကြောင်း၊ ခွဲစိတ်ပြီးနောက် လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှု အထူးကုဆရာဝန်ကြီးများက အနီးကပ်စောင့်ကြည့်၍ လိုအပ်သောကုသမှုများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
ယင်းကြောင့် ပြန်ဆက်ထားသောလက်ညှိုးမှာ ကောင်းမွန်စွာရှင်သန်လျက်ရှိသဖြင့် ခွဲစိတ်ပြီး ၁၄ ရက်မြောက်နေ့ဖြစ်သည့် ဇူလိုင် ၁၆ ရက်နေ့တွင် ဆေးရုံမှပြန်လည်ဆင်းနိုင်ခဲ့ပြီး လိုအပ်သောလေ့ကျင့်ခန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
Photos – MOI






