မိုးဇလရဲ့ ယနေ့ ဇူလိုင် ၂၀ ရက်နေ့ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း ယနေ့နံနက်မှစ၍ ဇူလိုင် ၂၈ ရက်နေ့အတွင်း မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
ထိုသို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးထားပါတယ်။
အဆိုပါ ရက်များအတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်း တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ မိုးဇလမှ ထုတ်ပြန်ထားပါတယ်။
“ဇူလိုင်လ ၂၀ ရက်မှ ၂၆ ရက်အထိ ရခိုင်ပြည်နယ်အတွင်းက သံတွဲခရိုင်၊ မောင်တောခရိုင်၊ တောင်ကုတ်ခရိုင်၊ ကျောက်ဖြူခရိုင်၊ အမ်းခရိုင်၊ မြောက်ဦးခရိုင်၊ စစ်တွေခရိုင်တွေက ဒေသအားလုံးအပြင် ရခိုင်ရိုးမ တောင်တန်းကြီးများပေါ်မှာ မိုးများစွာ ရွာသွန်းပါမယ်။ ရှေ့ရက်တွေက အကြိမ်ကြိမ် သတိပေးခဲ့ပြီး ဖြစ်ပေမယ့် ရခိုင်ပြည်နယ် ပြီးခဲ့တဲ့တစ်ခေါက်ကလဲ ရေကြီးထားတဲ့အရှိန်ကြောင့် မြေသားတွေ ပွနေပြီးသားဖြစ်လို့ ဒီတစ်ခါ ရေကြီးရုံတင်မဟုတ်ဘဲ တောင်ပြိုတာ မြေပြိုတာတွေပါ ပူးတွဲဖြစ်ပေါ်နိုင်တယ်”လို့ မိုးဇလပညာရှင် ဒေါက်တာ စိုင်းခွန်အာကာ သုံးသပ်ပြောကြားထားပါတယ်။ ထို့အတူ ချင်းပြည်နယ်အောက်ပိုင်းက မတူပီခရိုင်၊ ပလက်ဝခရိုင်၊ မင်းတပ်ခရိုင် စတဲ့ ချင်းတောင်တန်းတွေပေါ်မှာလဲ ထိုရက်များအတွင်း မိုးများစွာ ရွာသွန်းခြင်းကြောင့် ချင်းပြည်နယ်က စီးဆင်းလာတဲ့ ချောင်းမြောင်းများ၊ ရခိုင်ရိုးမပေါ်က စီးဆင်းလာတဲ့ ချောင်းမြောင်းများမှာ ရုတ်တရက် ရေကြီးရေလျှံ ဖြစ်ပေါ်နိုင်သလို ထိုချောင်းမြောင်းတွေနဲ့ ဆက်စပ်နေတဲ့ ဆည်တွေ၊ ရေလှောင်တမံတွေမှာလဲ ရေအမှတ်တွေ မြင့်တက်တာ၊ ရေကျော်တာတွေ ဖြစ်လာနိုင်တယ်လို့လည်း သူက သုံးသပ်ပြောကြားထားပါတယ်။
Photos- မိုးဇလ






