“ယူနန် ဆုံရပ်” နိုင်ငံတကာ ဆက်သွယ်ရေး လှုပ်ရှားမှု (လင်ချန်း) (“Yunnan Rendezvous” International Communication Event (Lincang)) ကို အောက်တိုဘာ ၂၃ မှ ၂၆ ရက်အထိ ယူနန်ပြည်နယ်တွင် ကျင်းပခဲ့ရာ အနောက်ယူနန် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ မြန်မာ ကျောင်းသား/သူများနှင့် အွန်လိုင်း မီဒီယာ ဖန်တီးသူ ၅၀ ကျော်တို့သည် လင်ချန်းမြို့ ရှိ ကျေးရွာများ၊ လက်ဖက်စိုက်ခင်းများနှင့် ရှေးဟောင်း အိုးဖိုများသို့ အသီးသီး သွားရောက်ခဲ့ကြပြီး လင်ချန်း၏ အလှတရားများကို ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ကြကာ ဗီဒီယိုမှတ်တမ်းများလည်း ရိုက်ကူးမျှဝေခဲ့ကြပါတယ်။
လင်ချန်းမြို့သည် တရုတ်နိုင်ငံ အနောက်တောင်ဘက် နယ်စပ်တွင် တည်ရှိပြီး မြန်မာနိုင်ငံနှင့် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိကာ လင်ချန်းမြစ်ကို အစွဲပြု၍ အမည်တွင်ခဲ့ခြင်း ဖြစ်ပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသလို တိုင်းရင်းသား ယဉ်ကျေးမှုများလည်း စုံလင်လှပါသည်။ Bingdao လက်ဖက် နှင့် Xigui လက်ဖက် တို့သည် ပြည်တွင်းပြည်ပတွင် ထင်ရှားကျော်ကြားပြီး Dianhong လက်ဖက်နီ ပြုလုပ်သည့် နည်းပညာကို ယူနက်စကို ၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ထည့်သွင်းထားပါသည်။ ထူးခြားသည့် ပထဝီဝင် တည်နေရာ၊ ကြွယ်ဝသည့် ထွက်ကုန်များနှင့် စုံလင်သည့် လူမှုယဉ်ကျေးမှုတို့သည် လူငယ်များ၏ ဗီဒီယို ဖန်တီးမှုအတွက် အကောင်းဆုံး ကုန်ကြမ်းများ ဖြစ်လာခဲ့ပါသည်။

အောက်တိုဘာ ၂၄ ရက်နေ့ နံနက်စောစောတွင် ပေါ်ရှန်းမြို့ ဝမ်ယောင်ကျေးရွာ ၌ မြူခိုးများပင် မကင်းစင်သေးပေ။ “တရုတ် ဝမ်ယောင် မြေအိုးယဉ်ကျေးမှု၏ မြို့ပြ” အဖြစ် ထင်ရှားသော ဤနေရာ၌ အိုးလုပ်ငန်း နည်းပညာသည် နှစ် ၃၀၀ ကျော်တိုင် လက်ဆင့်ကမ်းလာခဲ့ပြီး ချင်းမင်းဆက်ခေတ် ရှေးဟောင်း နဂါးပုံစံ အိုးဖို ၉ ခုသည် ယနေ့တိုင် လုပ်ငန်းများ ဆက်လ်လည်ပတ်နေဆဲ ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်တွင် မြေအိုးပြုလုပ်သည့် နည်းပညာကို ယူနန်ပြည်နယ်၏ တတိယအကြိမ်မြောက် ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ထည့်သွင်းခဲ့ပါသည်။ ကျေးရွာတစ်ရွာလုံးတွင် အိုးလုပ်ငန်း လုပ်ကိုင်သည့် အလုပ်ရုံ ၁၀၈ ရုံရှိပြီး ရွာသူရွာသား ၈၀ ရာခိုင်နှုန်းကျော်သည် အိုးလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြပါသည်။
ယခုအခါ အနုပညာလက်ရာဟောင်းများသည် စီးပွားရေးပုံစံ သစ်များကို မွေးဖွားပေးလျက်ရှိပါသည်။ ဝမ်ယောင်ကျေးရွာသည် အသုံးမပြုတော့သည့် မြေအုတ် အိမ်ဟောင်းများကို Tu Tao Ju မြေအိုးယဉ်ကျေးမှု အဆင့်မြင့် တည်းခိုခန်းများအဖြစ် ပြောင်းလဲခဲ့ပြီး မြေအိုးယဉ်ကျေးမှုကို ဧည့်ခန်းမ၊ ကော်ဖီဆိုင်များနှင့် ဝင်းအတွင်း၌ ထည့်သွင်း ပုံဖော်ထားပါသည်။ မလှမ်းမကမ်းရှိ အမျိုးသား 4A အဆင့် ခရီးသွားဆွဲဆောင်မှုနယ်မြေ ဖြစ်သော သက်တံ ရောင်စုံ မြေထည်ယဉ်ကျေးမှု သီးသန့်ဥယျာဉ်၌ ရွှံ့စက်ဝိုင်းလှည့်ခြင်း၊ အိုးဖို၌ မုန့်ဖုတ်ခြင်း၊ စက္ကူပြုလုပ်ခြင်းနှင့် ပန်းပွင့်ဖိနှိပ်ခြင်း အစရှိသည့် ပါဝင်ဆောင်ရွက်နိုင်သော အစီအစဉ်များ ပြည့်စုံစွာ ရှိပါသည်။

မြန်မာလူငယ်များသည် ကော်ဖီဆိုင်၌ “သစ်ကြားသီး နို့အေးကော်ဖီ” ကို အတူသောက်သုံးရင်း ကျေးလက်၏ အေးချမ်းသည့် ဘဝကို ခံစားခဲ့ကြပြီး အိုးလုပ်သည့် စက်ဝိုင်းရှေ့တွင် ထိုင်ကာ ဆရာများ၏ သင်ကြားမှုဖြင့် ရွှံ့နယ်ခြင်း၊ ပုံဖော်ခြင်းနှင့် ပန်းပွင့်ပုံဖော်ခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။
အနောက်ယူနန် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ Network and New Media ဘာသာရပ် ဒုတိယနှစ် ကျောင်းသူ လီချန်းယွီ သည် အိုးလုပ်နည်းပြဆရာ၏ လမ်းညွှန်မှုဖြင့် ကျောင်းနေဖက်များနှင့်အတူ မြေပန်းကန်ပြားတစ်ခုကို ပြုလုပ်ခဲ့ပါသည်။ “အင်တာနက်မှာ ကြည့်တုန်းက လွယ်မယ်ထင်ပေမဲ့ ကိုယ်တိုင်လုပ်ကြည့်မှ မလွယ်မှန်း သိရတာ” ဟု သူမက ပြောပါသည်။

မွန်းလွဲပိုင်းတွင် မြန်မာလူငယ်များသည် Gengma Dai and Va ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကောင်တီရှိ မုန်းဆားမြို့ မန်းကျန့်ကျေးရွာ သို့ ရောက်ရှိခဲ့ကြပြီး တရုတ် ဧရိယာယူနစ် မူ (mu) ၅၀၀ နီးပါး ရှိသော စပါးခင်းများကို ဆက်တိုက် ကျယ်ပြန့်စွာ မြင်တွေ့နိုင်ပါသည်။ “မန်းကျန့်” ဆိုသည်မှာ Dai ဘာသာစကားဖြင့် “စပါးမွှေး၊ ငါးများ၊ စပါးကျီ များ ကြွယ်ဝသည့်နေရာ” ဟု အဓိပ္ပာယ်ရပြီး တောင်သုံးဘက် ဝိုင်းရံထားကာ ကြည်လင်နေသော ရှေးဟောင်း ရေကန် တည်ရှိသည့် အမျိုးသား 3A အဆင့် ခရီးသွားဆွဲဆောင်မှုနယ်မြေ ဖြစ်ပါသည်။

စပါးခင်းများကြားတွင် Gengma တိုင်းရင်းသား သီချင်းနှင့် အကအဖွဲ့မှ သရုပ်ဆောင်များက သမင်အက၊ ကိန္နရာအက၊ Dai တိုင်းရင်းသား လိပ်ပြာအက စသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အကများကို ကပြခဲ့ကြပါသည်။ မြန်မာကျောင်းသားများကလည်း ကိန္နရီ၊ ကိန္နရာ ဝတ်စုံများကို ဝတ်ဆင်ကာ စပါးခင်းအတွင်း ၎င်းတို့ ကိုယ်တိုင် တီထွင်ဖန်တီးထားသည့် မြန်မာအကများကို ကပြခဲ့ကြပါသည်။

ထိုတက္ကသိုလ်မှ ဒစ်ဂျစ်တယ် မီဒီယာ နည်းပညာ ဘာသာရပ် ဒုတိယနှစ် ကျောင်းသား လီဝေချန်း က “ဒါဟာ တရုတ်နိုင်ငံမှာ ပညာသင်ကြားခဲ့တဲ့ ၂ နှစ်အတွင်း ကျွန်တော် အပျော်ဆုံးနေ့ပါပဲ။ အရင်က ဗီဒီယိုထဲမှာပဲ မြင်ဖူးခဲ့တဲ့ ကိန္နရာအကကို ဒီနေ့မှာ အပြင်မှာ မြင်တွေ့ရရုံတင် မဟုတ်ဘဲ ဝတ်စုံဝတ်ပြီး လှုပ်ရှားမှုတွေကို သင်ယူခွင့်ရလို့ အလွန် မှတ်မိနေမှာပါ။ ကျွန်တော်က မြန်မာနိုင်ငံက လာတာ ဖြစ်ပေမဲ့ အကထဲက ရိတ်သိမ်းမှုရဲ့ ဝမ်းမြောက်မှုကို ခံစားလို့ရပါတယ်။ ဒါကို ဗီဒီယိုတို ရိုက်ပြီး မိသားစုနဲ့ သူငယ်ချင်းတွေကို မျှဝေချင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
ညနေပိုင်းတွင် မြန်မာလူငယ်များသည် မုန်းဆားမြို့နယ် Samaba မူ (mu) သောင်းဂဏန်းအဆင့် ဧရိယာအကျယ်အဝန်းရှိ လက်ဖက်စိုက်ခင်းသို့ ရောက်ရှိခဲ့ကြပါသည်။ မူ (mu) ၆ သောင်း ရှိသော လက်ဖက်စိုက်ခင်းများသည် တောင်တန်းအလျောက် အဆင့်ဆင့် ဖြန့်ကျက်ထားပြီး လေတိုက်ခတ်တိုင်း လက်ဖက်ရနံ့များ သင်းပျံ့နေပါသည်။ မုန်းဆားသည် ယူနန် ရွက်ကြီးမျိုး ပေါင်းလက်ဖက်စိမ်း (Yunnan large-leaf steamed green tea) ထွက်ရှိရာနေရာ ဖြစ်ပြီး မြို့နယ်အတွင်းရှိ အိမ်ထောင်စု ၉၀ ရာခိုင်နှုန်းကျော်သည် လက်ဖက် စိုက်ပျိုးကြပါသည်။ Gengma အင်ဇိုင်းနည်းပညာသုံး ပေါင်းလက်ဖက် (Gengma Steamed Enzyme Tea) သည် တရုတ်နိုင်ငံ၏ ထင်ရှားကျော်ကြားသည့် ထူးခြား အရည်အသွေးမြင့် စိုက်ပျိုးရေး ထွက်ကုန်သစ်များစာရင်းတွင် ပါဝင်ခဲ့ပါသည်။

ထိုတက္ကသိုလ်မှ အင်္ဂလိပ်စာ ဘာသာရပ် ဒုတိယနှစ် ကျောင်းသား ဒန့်ကျုန်းသယ် က “ဒီလောက် ကြီးမားတဲ့ လက်ဖက်စိုက်ခင်းကို ပထမဆုံးအကြိမ် မြင်ဖူးတာပါ။ အလွန် အံ့အားသင့်ဖို့ ကောင်းပါတယ်” ဟု ဆိုပါသည်။ ၎င်းသည် မြန်မာနွယ်ဖွား တရုတ်လူမျိုး ဖြစ်ပြီး ဘိုးဘွားဇာတိမှာ ယူနန်ပြည်နယ် ထိန်ချုန်း ဖြစ်ကာ ၂၀၂၅ ခုနှစ်တွင် လင်ချန်းသို့ လာရောက် ပညာသင်ကြားခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်း ဖြစ်ပါသည်။ ဒန့်ကျုန်းသယ်သည် ဓာတ်ပုံရိုက်ကူးမှုကို ဝါသနာပါပြီး သဘာဝ ရှုခင်းများကို ပိုမို နှစ်သက်သူ ဖြစ်သည့်အတွက် လက်ဖက်စိုက်ခင်းအတွင်း စိမ်းလန်းသည့် ရှုခင်းများကို ကင်မရာဖြင့်ရိုက်ကူးမှတ်တမ်းတင်ခဲ့ပါသည်။
“ကျွန်တော်တို့ ရိုက်ကူးရမှာက ရှုခင်းတင် မဟုတ်ဘဲ ကျေးလက်မှာ ဖြစ်ပျက်နေတဲ့ ဇာတ်လမ်းတွေပါ” ဟု အနောက်ယူနန် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ Network and New Media ဘာသာရပ် ဒုတိယနှစ် မြန်မာကျောင်းသား လူးထိုက်ကျွင်း က ပြောပါသည်။ ၎င်းသည် မကြာမီက ဗီဒီယိုတိုဖြင့် ယူနန်ပြည်နယ်အဆင့် ဆုတံဆိပ် ရရှိခဲ့သူ ဖြစ်ပြီး ဤခရီးစဉ်တွင် လင်ချန်း၏ ဂေဟစနစ် အလှတရား၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် တိုင်းရင်းသား စည်းလုံးမှုများကို လူငယ်များ ကြိုက်နှစ်သက်သည့် ပုံစံဖြင့် ဗီဒီယိုတို တင်ဆက်သွားမည်ဟုဆိုပါသည်။
ဤအစီအစဉ် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်သူ လူငယ်များအတွက် ဗီဒီယိုအတို ရိုက်ကူးတည်းဖြတ်မှု နည်းပညာဆိုင်ရာ အထူးသင်ခန်းစာများကို ထည့်သွင်းပို့ချခဲ့ပြီး ကွင်းဆင်းရိုက်ကူးပြီးနောက် ကျောင်းသားများသည် အုပ်စုလိုက် ဗီဒီယို ဖန်တီးတည်းဖြတ်မှုများကို ပြုလုပ်ကာ အောက်တိုဘာ ၂၆ ရက်တွင် သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်သွားမည် ဖြစ်ပါသည်။






