[latest_news_marquee]

ယွီတူးမြို့၏ သမိုင်းဝင် အပ်ချုပ်စက်တစ်လုံးမှသည် ဘီလီယံ ၁၀၀ တန် အထည်အလိပ် စက်မှုဇုန်ဆီသို့

ကျန်းရှီးပြည်နယ် (Jiangxi)၊ ယွီတူးမြို့ရှိ သမိုင်းဝင် အထိမ်းအမှတ်ပြတိုက်တွင် ကိုယ်ထည်မှ အနက်ရောင်ဆေးများ ကွာကျနေသည့် လက်လှည့်ချုပ်စက်တစ်လုံး ရှိပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၉၀ ကျော်က ယွီတူးမြို့ဖွား ကဲကျဲ့သျှောင် (Ge Jietiao) သည် ဤချုပ်စက်နှင့် ဆင်တူသော စက်တစ်လုံးကို ထမ်းပိုး၍ မိုင်ပေါင်း နှစ်သောင်းခွဲရှည်လျားသော ခရီးရှည်ချီတက်ပွဲကြီးကို လျှောက်လှမ်းခဲ့ဖူးပါသည်။

နှစ်ပေါင်း ၉၀ ကျော် ကြာမြင့်ခဲ့ပြီးသည့် ယနေ့အထိ အဆိုပါ ဒေသခံများသည် အပ်နှင့် အပ်ချည်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြဆဲဖြစ်ပါသည်။ အထည်ချုပ်နှင့် အထည်အလိပ် လုပ်ငန်းပေါင်း ၃,၈၅၀ ကျော်သည် အပြည့်အဝ လည်ပတ်လျက်ရှိပြီး ပြည်တွင်း/ပြည်ပ အမှတ်တံဆိပ် ၃၀၀ ကျော်အတွက် ကန်ထရိုက်ချုပ်ပေးနေကာ အပြည့်အစုံဆုံး အထည်အလိပ် စက်မှုကွင်းဆက်တစ်ခုအဖြစ် စက်ရုံများ စုစည်းဖြစ်ထွန်းလာခဲ့ပါသည်။

၂၀၂၅ ခုနှစ်တွင် ယွီတူး၏ အထည်အလိပ်နှင့် အထည်ချုပ် စက်မှုလုပ်ငန်းတစ်ခုလုံး၏ ဝင်ငွေသည် ယွမ် ဘီလီယံ ၁၀၀ (အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံခန့်) ကျော်လွန်ခဲ့ပြီး လက်ဆင့်ကမ်းလာသည့် ဤ “အပ်ချည်မျှင် ခရီးစဉ်” ကို အရှိန်အဟုန်မြှင့်တင်နိုင်ခဲ့ပါသည်။

ဤစက်မှုလုပ်ငန်း၏ အကူးအပြောင်း ပြောင်းလဲမှုသည် ယွီတူး အပ်ချုပ်ဆရာများ၏ အပြင်ထွက် လုပ်ကိုင်ရာမှ မိခင်ရပ်ဝန်းသို့ ပြန်လာခဲ့ကြသည့် ကြိုးပမ်းအားထုတ်မှု သမိုင်းကြောင်းမှ စတင်ခဲ့ခြင်းဖြစ်ပါသည်။

၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းက ပြည်တွင်း၌ အဝတ်အထည် ဝယ်ယူသုံးစွဲမှုသည် အဆင်သင့်ဝတ် အထည်များဘက်သို့ ကူးပြောင်းလာချိန်တွင် ယွီတူး အပ်ချုပ်ဆရာ ၃ သိန်းခန့်သည် တောင်ဘက် ကမ်းရိုးတန်းဒေသရှိ အထည်ချုပ်လုပ်ငန်းများသို့ သွားရောက် လုပ်ကိုင်ခဲ့ကြပါသည်။ ၎င်းတို့သည် ပြင်ပတွင် ရုန်းကန်ရင်း ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများကို စုဆောင်းနိုင်ခဲ့ကြပြီး ယွီတူး အထည်အလိပ်လုပ်ငန်းများ မြင့်မားလာစေရန် ထုတ်လုပ်နိုင်ရေးအတွက် အုတ်မြစ်ချပေးခဲ့ကြပါသည်။

၂၀၁၇ ခုနှစ်တွင် ယွီတူးသည် အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းကို “အဓိက စက်မှုလုပ်ငန်း” အဖြစ် သတ်မှတ်ခဲ့ပြီး မြေယာနှင့် အခွန်အခ ဆိုင်ရာ ဦးစားပေး မူဝါဒများကို ထုတ်ပြန်ကာ ကမ်းရိုးတန်းဒေသရှိ အရည်အသွေးမြင့် အထည်အလိပ် လုပ်ငန်းများ ရွှေ့ပြောင်းလာမှုကို တက်ကြွစွာ လက်ခံခဲ့ပါသည်။

ပြင်ပတွင် ရုန်းကန်အောင်မြင်ခဲ့သော ယွီတူးမြို့ဖွား စီးပွားရေးလုပ်ငန်းရှင် အမြောက်အမြား မိခင်ရပ်ဝန်းသို့ ပြန်လာကာ စီးပွားရေး စတင်ခဲ့ကြသဖြင့် ဒေသတွင်း အထည်အလိပ် ထုတ်လုပ်မှုကဏ္ဍ အသွင်ကူးပြောင်း မြှင့်တင်နိုင်ခဲ့ပါသည်။

“အပေါ်ထပ် အောက်ထပ်သည် စက်မှုလုပ်ငန်း ကွင်းဆက်တစ်ခုစီ ဖြစ်ပြီး၊ စက်မှုဇုန်တစ်ခုလုံးသည် အချောထည်အထိ ထုတ်လုပ်နိုင်သည့် စက်မှုလုပ်ငန်း ကွင်းဆက်ကြီး ဖြစ်သည်” ဆိုသော စကားမှာ ယွီတူးအတွက် လွန်ကဲသော တင်စားချက် မဟုတ်ပေ။

ဒေသဆိုင်ရာ အစိုးရသည် ယွမ် ဘီလီယံ ၁၀ ကျော် ရင်းနှီးမြှုပ်နှံ၍ ပြည်သူ့ဝန်ဆောင်မှု ပလပ်ဖောင်း ၁၃ ခုနှင့် စတုရန်းမီတာ ၃ ဒသမ ၆၂၅ သန်းကျယ်ဝန်းသည့် စံချိန်မီ စက်ရုံများကို တည်ဆောက်ခဲ့ပြီး ကြိုးတစ်မျှင် ဝင်လာသည်မှ အဝတ်အထည် အချောထည် တစ်ထည် ထွက်သွားသည်အထိ စက်မှုဇုန်ပြင်ပသို့ ထွက်ရန်ပင် မလိုတော့ပေ။

ယနေ့အခါတွင် စက်ရုံအလုပ်ရုံများအတွင်း၌ ရိုးရာ အပ်ချုပ်လက်ရာများသည် စမတ်နည်းပညာဖြင့် ထုတ်လုပ်သည့် စနစ်အဖြစ်သို့ ကူးပြောင်းတိုးတက်နေပြီဖြစ်ပါသည်။

“ကျီဖန်ယွန်းလင်း” (Zhifang Yunlian) ထုတ်လုပ်မှု စက်ရုံအတွင်း၌ အလုပ်သမားများကို မတွေ့ရသလောက်ပင် ဖြစ်ပါသည်။ ရာနှင့်ချီသော ချည်မျှင်စက် ၆၀ နီးပါးသည် တစ်မိနစ်လျှင် အပတ်ရေ ၂၅,၀၀၀ နှုန်း အရှိန်ဖြင့် လည်ပတ်နေပါသည်။ ချည်မျှင်တိုင် တစ်ခုစီတွင် သီးခြား အာရုံခံကိရိယာများ တပ်ဆင်ထားပြီး ကြိုးပြတ်တောက်မှု သို့မဟုတ် တင်းအား မမှန်ကန်သည့် အချက်အလက်များကို ထိန်းချုပ်ရေးစခရင်ထံ တိုက်ရိုက် ပေးပို့ကာ၊ ချို့ယွင်းချက် သတိပေးချက်များကို စစ်ဆေးရေးဝန်ထမ်းများ၏ လက်ပတ်နာရီထံ တိုက်ရိုက် ပေးပို့ပေးပါသည်။

“ယင်းကျား” (Winner) အဝတ်အထည်၏ 3D ခန္ဓာကိုယ်တိုင်းတာရေး အခန်းအတွင်း၌ ၃ စက္ကန့်မျှ မတ်တပ်ရပ်လိုက်ရုံဖြင့် ခန္ဓာကိုယ်၏ ၂၈ နေရာမှ အချက်အလက်များ Cloud ပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားပြီး ၇ ရက်အကြာတွင် ကွက်တိကျသော ဝတ်စုံတစ်စုံကို ဝတ်ဆင်နိုင်မည်ဖြစ်ပါသည်။ ထုတ်လုပ်မှုလိုင်းသည် မော်ဒယ်တစ်မျိုးတည်းကိုသာ မဟုတ်ဘဲ စိတ်ကြိုက်မှာယူမှုများ၊ အမှာစာငယ်များကို အမြန်ဆုံးထုတ်ပေးခြင်းနှင့် အမြောက်အမြား ထုတ်လုပ်ခြင်းများကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ပါသည်။

ကိန်းဂဏန်း အချက်အလက်များအရ လက်ရှိတွင် ယွီတူးခရိုင်ရှိ အထည်အလိပ်နှင့် အထည်ချုပ် လုပ်ငန်းများသည် ကိုယ်ပိုင် တံဆိပ် ၁၃၅ ခု၊ ကျန်းရှီး ပြည်နယ်အဆင့် နာမည်ကြီး ထုတ်ကုန် ၂၁ ခု ရှိပြီး စက်မှုလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမှုနှုန်းမှာ ၈၅ ရာခိုင်နှုန်း အထိ ရှိပါသည်။

“5G+AI” ဒစ်ဂျစ်တယ် စက်ရုံများနှင့် စမတ် အထည်ချိတ်ဆွဲစနစ်များသည် ဤနေရာ၏ စံနှုန်းများ ဖြစ်လာခဲ့ကာ ဒစ်ဂျစ်တယ်စနစ်သည် ယွီတူး၏ အထည်အလိပ် စက်မှုလုပ်ငန်းနှင့် အပြည့်အဝ ပေါင်းစပ်သွားခဲ့ပြီး ထုတ်လုပ်မှု စွမ်းအားကို ၃၀ ရာခိုင်နှုန်း ကျော်အထိ တိုးတက်စေခဲ့ပါသည်။

တစ်ချိန်က အဝေးသို့ ထွက်၍ ဝမ်းစာရှာခဲ့ရသော ယွီတူး ဒေသခံများသည် ယခုအခါ မိမိတို့အိမ်ရှေ့ရှိ ခေတ်မီစက်ရုံများတွင် စီးပွားရေးလမ်းကြောင်းသစ်များကို စတင်နေကြပြီဖြစ်ပါသည်။

ဘီလီယံရာချီတန် စက်မှုဇုန်စုစည်းမှုကြီးသည် လူပေါင်း ၃ သိန်းခန့်အတွက် အလုပ်အကိုင် ဖန်တီးပေးထားပြီး ၎င်းတို့အနက် ၈ သောင်းခန့်မှာ ဒေသတွင်း၌ပင် တည်ငြိမ်သော အလုပ်အကိုင် ရရှိထားကြပါသည်။ ဒေသခံများအတွက် ဝင်ငွေရှာခြင်းနှင့် မိသားစုကို စောင့်ရှောက်ခြင်းသည် ရွေးချယ်စရာ မဟုတ်တော့ဘဲ ဒွန်တွဲလုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ယွီတူး၏ အထည်အလိပ် စက်မှုလုပ်ငန်း အရှိန်အဟုန်ဖြင့် တိုးတက်လာသည်နှင့်အမျှ တံခါးဖွင့်ဝါဒသည်လည်း ပိုမိုကျယ်ပြန့်လာခဲ့ပါသည်။

ကျန်းရှီး (ဂန့်ကျိုး) အထည်အလိပ်နှင့် အထည်ချုပ် အပြည်ပြည်ဆိုင်ရာ တိုက်ရိုက်ဝယ်ယူမှု ဆုံဆည်းပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၄၁ ခုမှ အပြည်ပြည်ဆိုင်ရာ ဝယ်ယူသူ ၁၅၀ ကျော် ယွီတူးသို့ စုဝေးရောက်ရှိခဲ့ကြပြီး အမေရိကန်ဒေါ်လာ ၄၂၀ မီလီယံတန်ဖိုးရှိ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် အမှာစာများကို ချုပ်ဆိုနိုင်ခဲ့ကြပါသည်။

ယွီတူး၏ ခိုင်မာသော စက်မှုအုတ်မြစ်နှင့် ရင့်ကျက်သော စမတ် နည်းပညာ ထုတ်လုပ်နိုင်စွမ်းတို့သည် ဗြိတိန်၊ တူရကီ၊ အိန္ဒိယ အစရှိသော နိုင်ငံအများအပြားမှ ဝယ်ယူသူများကို ဆွဲဆောင်နိုင်ခဲ့ပြီး ဒေသတွင်း ရောင်းချသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ဗြိတိန်အခြေစိုက် Debenhams Group သည် ပုံမှန်ဝယ်ယူမှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်စနစ်အတွက် တရုတ်နိုင်ငံဆိုင်ရာ ရုံးချုပ်ကိုပင် ယွီတူးသို့ ပြောင်းရွှေ့ခဲ့ပါသည်။

ဂန်းနန်ဒေသရှိ ဤမြို့ငယ်လေးသည် ခေတ်သစ် “အပ်နှင့် အပ်ချည်” တို့ဖြင့် စက်မှုလုပ်ငန်းဆိုင်ရာ ပုံရိပ်သစ်တစ်ခုကို ဖန်တီးပုံဖော်နေပြီဖြစ်ပါသည်။

သတင်းအရင်းအမြစ် : San Li He

Your Ad Here
Ad Size: 336x280 px

More News