[latest_news_marquee]

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၆ ခု ခွင့်ပြုထား

ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၁၀၀ ကျော်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၆ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးက ခွင့်ပြုပေးခဲ့ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရပါတယ်။

၎င်းအစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ပြီး အစည်းအဝေးတွင်  ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၈၂၉ သန်းနှင့် ငွေကျပ် ၅၆၄,၃၉၁ ဒသမ ၃၉ သန်း ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂,၁၃၀ ကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။

ထို့အပြင် လက်ရှိဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင်  စက်မှုကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၂ ခုကိုလည်းကောင်း၊ စက်မှုကဏ္ဍမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်  ၈ ခု ကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍတို့မှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၆ ခု ကိုလည်းကောင်း ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။

ခွင့်ပြုပေးသည့် လုပ်ငန်းများတွင် SKD စနစ်ဖြင့် လျှပ်စစ်သုံး နှစ်ဘီး၊ သုံးဘီး မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ရွှေသတ္တုအကြီးစားတူးဖော်ထုတ်လုပ်မှုလုပ်ငန်း၊ ပြည်တွင်းအသားတိုးနွားများအား ခေတ်မီစနစ်ဖြင့် မွေးမြူခြင်း၊ ခေတ်မီမြန်မာအသားတိုးနွားမျိုးခြံ၊ နို့စားနွားမွေးမြူခြင်း၊ နို့ဆီ၊ နို့စိမ်းနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ဖြန့်ချိခြင်းလုပ်ငန်း၊ နို့ပေါင်းစက်လုပ်ငန်း၊ မွေးမြူရေးအစာထုတ်လုပ်ခြင်း၊ မြေဩဇာနှင့် ဓာတ်မြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ၊ မှန်လုံအိမ်စိုက်ပျိုးခြင်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန် သိုလှောင်ရောင်းချခြင်းလုပ်ငန်း၊ ရုံးခန်းအဆောက်အအုံတည်ဆောက်၍ငှားရမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း လုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတည်ဆောက်၍  လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ၊ ဆပ်ပြာအမျိုး မျိုးထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ မျိုးစေ့အမျိုးမျိုး စိုက်ပျိုးသန့်စင်ရောင်းချခြင်းနှင့် မျိုးစေ့သုတေသန ပြုလုပ်ခြင်းလုပ်ငန်း၊ ပဲနို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ဘက်ထရီအိုးဟောင်း အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများကို သန့်စင်ကျိုချက် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများအရ ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ် ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၀၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၀ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၅ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်းသိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News