ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း မြို့နယ်များရှိ အချို့မြေကွက်လပ်များမှာ လူနေထိုင်ခြင်းမရှိသည့်အတွက် မြက်နှင့်ချုံနွယ်ပိတ်ပေါင်း ထူထပ်စွာ ပေါက်ရောက်လျက်ရှိသည်ကို စိစစ်တွေ့ရှိတဲ့အတွက် မြေကွက်လပ်ပိုင်ရှင်များ မြေကွက်အတွင်းအပြင် ရှင်းလင်းခြင်းနှင့် ခြံစည်းရိုးကာရံခြင်းများ ဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) က အောက်တိုဘာ ၁၅ ရက်နေ့မှာ အသိပေးကြေညာထားပါတယ်။
ထိုသို့ စိစစ်တွေ့ရှိရမှုကြောင့် မြို့တော်သန့်ရှင်းသာယာ သပ်ရပ်လှပစေရေးအတွက် မြေကွက်ပိုင်ရှင် သို့မဟုတ် တာဝန်ရှိသူတစ်ဦးက ကိုယ်ပိုင်အစီအစဉ်ဖြင့် မြေကွက်အတွင်းအပြင် ရှင်းလင်းခြင်း ၊ မြေကွက်လပ် မျက်နှာစာအား ကျောက်တိုင်စိုက်ထူ၍ သံစကာခြံစည်းရိုးကာရံခြင်းများ ဆောင်ရွက်ရမှာဖြစ်တယ်လို့ YCDC မှ သိရပါတယ်။

မြေကွက်အတွင်းအပြင် ရှင်းလင်းခြင်းနှင့် ခြံစည်းရိုးကာရံခြင်းများ လိုက်နာဆောင်ရွက်မှု မရှိပါက YCDC က ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကုန်ကျစရိတ်ကို သက်ဆိုင်ရာ မြေကွက်ပိုင်ရှင် သို့မဟုတ် တာဝန်ရှိသူက ကျခံရမှာဖြစ်၍ ရှင်းလင်းခများ၏ ကုန်ကျစရိတ်ကို စနစ်တကျပြုစု မှတ်တမ်းထားရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo – YCDC






