ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ KTV အပါအဝင် ဖျော်ဖြေရေးလုပ်ငန်းများအား စည်းကမ်းချက်များလိုက်နာရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ အောက်တိုဘာ ၁၇ ရက်နေ့က ခေါ်ယူအသိပေးရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ရှင်းလင်းပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖျော်ဖြေရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ထိုသို့ တွေ့ဆုံစဉ် အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ က “ကာရာအိုကေနဲ့ပတ်သက်ပြီးစည်ကမ်းချက် (၁၇) ချက်၊ ဖျော်ဖြေရေးလုပ်ငန်းများနှင့် ပတ်သက်၍ စည်းကမ်းချက် (၃၉) ချက်အပြင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအပေါ် တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အဆိုပါ KTV အပါအဝင် ဖျော်ဖြေရေးလုပ်ငန်းများမှာ သက်ဆိုင်ရာ ယစ်မျိုးလိုင်စင်အမျိုးအစား၊ ပိုင်ရှင်အမည်နှင့် တည်နေရာလိပ်စာများမှန်ကန်မှုရှိပြီးသတ်မှတ်ချိန် ည ၁၁ နာရီထက် ကျော်လွန်ဖွင့်လှစ်ရောင်းချမှုရှိ၊ မရှိ၊ မူးယစ်ဆေးဝါးသုံးစွဲမှုရှိ၊မရှိနှင့် ဧည့်စာရင်းတိုင်ကြားမှုရှိ၊ မရှိစတာတွေကို စစ်ဆေးဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရပါတယ်။
ကုန်ခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဥပဒေမဲ့လုပ်ဆောင်မှုများမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ Bar / Unplugged နှင့် KTV များကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြရာမှာ ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိသည့် ဆိုင်ဝန်ထမ်း(၄)ဦးကိုတွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်နိုင်ရန် မော်လမြိုင်မြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရပါတယ်။
Photo – ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
MFN သတင်းများအားအောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Tiktok – https://www.tiktok.com/@myanmarfuturenews
Telegram – https://t.me/myanmarfuturenews






