ရန်ကုန်မြို့ရှိ အဆောက်အအုံများ ငလျင်နှင့် သဘာဝဘေးအန္တရာယ် အကဲဖြတ်ခြင်းစီမံကိန်း (Pilot Survey Project) ကို ဇူလိုင် ၁ ရက်နေ့မှ စတင်လိုက်ပြီလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC)မှ သိရပါတယ်။
YCDC ၊ မြန်မာနိုင်ငံ ငလျင်ကော်မတီ နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်မယ့် အဆိုပါ Pilot Survey Project မိတ်ဆက်ခြင်းအခမ်းအနားကို ဇူလိုင် ၁ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်၊ အတွင်းရေးမှူး ဦးချိုထွန်းအောင်၊ တွဲဖက်အတွင်းရေးမှူး ဦးကျော်မင်း၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံ ငလျင်ကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ Project မှ စစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်၍ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များကို အဆင့်လိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်သလို သက်ဆိုင်ရာဌာနများ၊ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ရန်ကုန်မြို့ကို ပိုမိုလုံခြုံပြီး သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိသော မြို့တော်တစ်ခုအဖြစ် တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်က ပြောကြားခဲ့ပါတယ်။
ငလျင်သည် ကြိုတင်ခန့်မှန်းရန်ခက်ခဲသည့် သဘာဝဘေးအန္တရာယ်ဖြစ်သော်လည်း ကြိုတင်ပြင်ဆင်မှုနှင့် စနစ်တကျ စစ်ဆေးအကဲဖြတ်မှုများဖြင့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချနိုင်တာကြောင့် ရန်ကုန်မြို့ရှိ အဆောက်အအုံများကို ငလျင်နှင့် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိမှုအပေါ် စနစ်တကျစစ်ဆေးအကဲဖြတ်ပြီး အန္တရာယ်ရှိနိုင်မှုအဆင့်အလိုက် ခွဲခြားသတ်မှတ်သွားမှာဖြစ်တယ်လို့လည်း မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။
Photo- MOI






